
ဆော်ဒီအာရေးဘီးယားနိုင်ငံ၊ ရီယာ့ဒ်မြို့မှာကျင်းပတဲ့ PUBG ကမ္ဘာ့ချန်ပီယမ်ရှစ် PUBG Mobile World Cup (PMWC 2025) ပြိုင်ပွဲမှာ မြန်မာကိုယ်စားပြု Yangon Galaticos (YG) အသင်းက အမှတ်အများဆုံးနဲ့ ပထမဆုကို ရရှိခဲ့ပါတယ်။
ကစားသမားတွေကတော့ အသင်း Captain အဖြစ် Smile က ဦးဆောင်ခဲ့ပြီး MAR NETT, SAY CLOUD နဲ့ ROMEO တို့ဖြစ်ပြီး Grand Finals ပြိုင်ပွဲအတွင်း Chicken Dinner ၄ ကြိမ်အထိ ရရှိခဲ့ကာ နောက်ဆုံးရမှတ် ၁၅၇ မှတ်ဗိုလ်စွဲနိုင်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီပြိုင်ပွဲကို တကမ္ဘာလုံးက ထိပ်တန်း ၂၄ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး Grand Final အဆင့်ကိုတော့ ဩဂုတ် ၁ ရက် ကနေ ၃ ရက်အတွင်းကျင်းပခဲ့ကာ ကျန်ရှိခဲ့တဲ့ ၁၆ သင်းက ဆက်လက်ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။
ပြိုင်ပွဲနောက်ဆုံးရက် ဩဂုတ် ၃ ရက်နေ့မှာတော့ Yangon Galacticos အသင်းက ဗိုလ်စွဲခဲ့ပြီး ကမ္ဘာ့ချန်ပီယံရှစ်ဖြစ်လာခဲ့ကာ ဆုကြေးငွေအဖြစ် အမေရိကန်ဒေါ်လာ ၅၀၀,၀၀၀ ကျော်ကို ရရှိခဲ့ပါတယ်။
ဒုတိယနေရာမှာတော့ တရုတ်ကိုယ်စားပြု Weibo Gaming အသင်းက ရမှတ် ၁၄၂ မှတ်၊ မွန်ဂိုကိုယ်စားပြု Alpha Gaming အသင်းကတော့ ၁၄၁ မှတ်နဲ့ တတိယနေရာတွေ ရရှိခဲ့ပါတယ်။
PUBG ဆိုတာကတော့ လူ ၄ ယောက် အတူပေါင်းပြီး စစ်တိုက်တဲ့ အွန်လိုင်းဂိမ်းတမျိုးဖြစ်ပြီး Google Play Store မှာတော့ ဒေါင်းလော့ဆွဲသူ သန်း ၅၀၀ (500M+) ရှိကြောင်း ဖော်ပြထားပါတယ်။
ဆော့ကစားသူ သန်းနဲ့ချီရှိပေမဲ့ သန်း ၅၀၀ ဆိုတာဟာ စုစုပေါင်းဒေါင်းလော့ဆွဲတဲ့ အကြိမ်ရေသာဖြစ်ပြီး ဒေါင်းလော့လုပ်သူ အားလုံး ဆော့ကစားနေတယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။
မြန်မာနိုင်ငံ အီလက်ထရောနစ်အားကစားအဖွဲ့ချုပ် (MESF) ကလည်း YG အသင်းရဲ့အောင်မြင်မှုကို ချီးကျူးလိုက်ပြီး မြန်မာ Esports အနာဂတ် ချန်ပီယံတွေကို ဆက်လက် ပြုစုပျိုးထောင်သွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။










