DVB Logo
Home
မြန်မာသတင်း
ဖယ်ခုံအင်း အရှေ့ခြမ်းတွင် ပိတ်မိနေသည့် ကရင်နီ စစ်ရှောင်များ ရိက္ခာပြတ်လုနီးပါးဖြစ်နေ 
DVB
·
August 4, 2025
ဖယ်ခုံအင်း အရှေ့ခြမ်းတွင် ပိတ်မိနေသည့် ကရင်နီ စစ်ရှောင်များ ရိက္ခာပြတ်လုနီးပါးဖြစ်နေ 
Donate to DVB

ကရင်နီ (ကယား) ပြည်နယ် မိုးဗြဲမြို့ကို စစ်ကောင်စီတပ်တွေ ပြန်ရပြီးတဲ့နောက်မှာ ဖယ်ခုံ-မိုးဗြဲ-လွိုင်ကော်-နန်းမယ်ခုံ ကားလမ်းတွေကနေ စစ်တပ်နဲ့ PNO ပူးပေါင်းစစ်ကြောင်း တက်လာလို့ ဒေသခံသောင်းနဲ့ချီ ထပ်မံထွက်ပြေး တိမ်းရှောင်ရပြီး ဖယ်ခုံအင်း အရှေ့ဘက်ခြမ်းမှာ ပိတ်မိနေတဲ့ စစ်ရှောင်တွေ ရိက္ခာပြတ်တော့မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။

နန်းမယ်ခုံအနီးနားက ရှောင်လာတဲ့ စစ်ရှောင်တွေဟာ ၆ မိုင်သာဝေးတဲ့ ဒီးမော့ဆိုမြို့ဘက်ကို ပြေးရှောင်ကြပေမဲ့ ဖယ်ခုံအင်းအရှေ့ဘက်ခြမ်းကနေ ပြေးလာရတဲ့ စစ်ရှောင်တွေကတော့ ဖယ်ခုံ-မိုးဗြဲ-လွိုင်ကော် ကားလမ်းမကြီးတွေဘေးမှာ ပိတ်မိနေလို့ ကယ်ထုတ်နေဆဲပဲလို့ ကယ်ဆယ်ရေးသမားတွေက DVB ကို ပြောပါတယ်။

ပြီးခဲ့တဲ့တပတ်အတွင်းမှာပဲ ဖယ်ခုံဘက်ခြမ်းကနေ လမ်းလျှောက်ပြေးလာကြတဲ့ စစ်ရှောင်အယောက် ၃၀၀ ကို ကယ်ထုတ်နိုင်ပေမဲ့ အယောက် ၁,၀၀၀ ကျော်လောက် ကျန်နေခဲ့ပြီး ပိတ်မိနေဆဲပါ။

ပိတ်မိနေတဲ့သူတွေကို ဆက်ကယ်ထုတ်ဖို့ ကယ်ဆယ်ရေးသမားတွေ ကြိုးစားနေပေမဲ့လည်း လက်နက်ကြီးပစ်တဲ့ဒဏ်တွေနဲ့ လေယာဉ်နဲ့ နေ့စဉ်ဗုံးကြဲနေလို့ ကယ်ဖို့အတွက် အခြေအနေ စောင့်ကြည့်နေရတယ်လို့ ဆိုပါတယ်။

ပိတ်မိနေတဲ့သူတွေမှာ နောက်တပတ်စာအတွက်ပဲ ရိက္ခာကျန်တော့တယ်လို့ ကယ်ဆယ်ရေးသမားတယောက်က DVB ကို ပြောပါတယ်။

“မိုးဗြဲ မိန်းလမ်းမကြီး ရသွားတော့ သူတို့က အဲ့မှာ ပိတ်မိသွားတာ၊ လမ်းမကြီးရဲ့ ဟိုဘက်မှာ ရှိတာကိုး သူတို့ရွာတွေက၊ သူတို့က ထွက်စရာဆိုလို့ လမ်းလျှောက်ပြီးလာရမယ့် တပေါက်ပဲ ကျန်တော့တယ်။ ၁၀ ရက်လောက်ကြာမှာ။ အဓိကကတော့ အမိုးအကာနဲ့ စားနပ်ရိက္ခာပေါ့နော်၊ အဲဒါတော့ အဓိကလိုတယ်ဗျ။ မိုးရာသီလည်းဖြစ်တယ်၊ ရိက္ခာတွေ တပတ်စာလောက်ပဲရှိမယ်၊ ယာယီအတွက်တွေပဲ ပါမယ်ပေါ့နော်။”

ဖယ်ခုံအရှေ့ခြမ်းမှာ ပိတ်မိနေတဲ့ စစ်ရှောင်တွေကို ရဲဘော်တွေနဲ့ ကယ်ဆယ်ရေးသမားတွေ ကယ်ထုတ်ပြီး အခုတော့ လုံခြုံတဲ့နေရာမှာ စခန်းချနေနေကြတာပါ။

မိုးကာမလောက်တာတွေနဲ့ ရေအလုံအလောက်မရတဲ့အတွက် ကလေးတွေမှာ ယားနာရောဂါ စဖြစ်နေတယ်လို့ ပြောပြပါတယ်။ လုံခြုံတဲ့နေရာကို ရောက်နေပေမဲ့လည်း ပိတ်မိနေတဲ့သူတွေလို စားနပ်ရိက္ခာ လိုအပ်ချက်ပိုင်းမှာ စိုးရိမ်ရတဲ့ အနေအထားမှာ ရှိနေပါတယ်။

စစ်ရှောင်တွေကို ကူညီနေသူတယောက်က “အခုလောလောဆယ် သူတို့မှာ ယားနာလေးတွေတော့ ဖြစ်တာပေါ့။ နောက်ပြီးတော့ စားနပ်ရိက္ခာ ဆန်ကတော့ သူတို့မှာ နည်းနည်း တချို့က အရင်ထွက်လာတဲ့သူတွေကျတော့ ပါလာတယ်ပေါ့နော်။ အခုနောက်မှ ထွက်လာတဲ့သူတွေက ဆန်လည်းပါမလာဘူးပေါ့။ စားဝတ်နေရေးက အရမ်းဒုက္ခရောက်တယ်။ နောက်ပြီး ရေလည်း တအားရှားတော့ ရေလည်း ဝယ်သုံးနေရတယ်” လို့ ပြောပါတယ်။

လက်ရှိ ကရင်နီမှာ ဓာတ်ဆီ၊ ဒီဇယ်ဆီတွေ ဈေးနှုန်းမြင့်တက်နေတာကလည်း စစ်ရှောင်တွေဆီ အလှူရှင်တွေ မရောက်နိုင်တဲ့ အဟန့်အတားတခုပါ။

ဆန်စပါးစိုက်ပျိုးတဲ့ နေရာတွေမှာလည်း တိုက်ပွဲတွေကြောင့် နွေစပါး ပြန်မသိမ်းနိုင်သလို မိုးစပါးအတွက် စိုက်မယ့်အချိန်မှာလည်း ရေကြီးမှုတွေကြောင့် လယ်အများစုက နစ်မြုပ်နေပါတယ်။

မောရစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013