
အမေရိကန်ပြည်ထောင်စု၊ ဒယ်လာဝဲပြည်နယ်၊ ဝီလ်မင်တန်မြို့က ခရစ္စတီးနားကဲရ် ဆေးရုံမှာ ဇွန် ၁၆ ရက်က သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့လို့ အနည်းဆုံး လူတယောက် သေဆုံးပြီး နောက်တယောက် ဒဏ်ရာရသွားတယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပြီး အာဏာပိုင်တွေက လောလောဆယ်မှာ လွတ်မြောက်နေတဲ့ သံသယရှိသူကို လိုက်လံရှာဖွေနေကြပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေ အခင်းဖြစ်ပွားရာနေရာကို ရောက်သွားတဲ့အခါ သေနတ်ဒဏ်ရာရထားသူ ၂ ယောက်ကို တွေ့ခဲ့ရပြီး အဲဒီထဲက တယောက်ကတော့ နောက်ပိုင်းမှာ ဒဏ်ရာနဲ့တင် သေဆုံးသွားခဲ့တယ်လို့ ဝီလ်မင်တန်ရဲချုပ် ဝီလ်ဖရီဒို ကမ်းပိုစ့်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
သံသယရှိသူကို ဖမ်းမမိသေးဘဲ သူဘယ်သူလဲဆိုတာ ခွဲခြားသိရှိနိုင်ဖို့နဲ့ ဖမ်းဆီးနိုင်ဖို့အတွက် ရဲတပ်ဖွဲ့က ကြိုးစားနေတယ်လို့ ကမ်းပိုစ့်က ဆိုပါတယ်။
ဒါ့အပြင် သံသယရှိသူ ဆေးရုံကနေ ဘယ်လိုထွက်ပြေးသွားလဲဆိုတာ သိနိုင်ဖို့ စုံစမ်းစစ်ဆေးသူတွေက CCTV ကင်မရာတွေနဲ့ စောင့်ကြည့်ရေးစနစ်တွေရဲ့ မှတ်တမ်းတွေကို ပြန်လည် စစ်ဆေးနေတယ်လို့လည်း သူက ဖြည့်စွက်ပြောပါတယ်။
သေနတ်ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ဆေးရုံကို ခေတ္တပိတ်ဆို့ခဲ့ပေမဲ့ တရားဥပဒေစိုးမိုးရေး အဖွဲ့တွေက ဆေးရုံအဆောက်အအုံတခုလုံးကို ရှင်းလင်းရေးလုပ်ပြီးတဲ့နောက်မှာတော့ Lockdown ကို ပြန်ဖွင့်ပေးလိုက်ပြီလို့ ကမ်းပိုစ့်က ပြောပါတယ်။
ဝီလ်မင်တန် မြို့တော်ဝန် ဂျွန် ကာနေးနဲ့ ဒယ်လာဝဲပြည်နယ် အုပ်ချုပ်ရေးမှူး မတ်မေယာ တို့လည်း သတင်းစာရှင်းလင်းပွဲကို တက်ရောက်ခဲ့ကြပြီး ထိခိုက်သေဆုံးခဲ့ရသူတွေ၊ သူတို့ရဲ့ မိသားစုတွေ အပြင် ဆေးရုံဝန်ထမ်းတွေနဲ့ ကယ်ဆယ်ရေးသမားတွေအတွက် စိတ်မကောင်းဖြစ်ရကြောင်းနဲ့ ကူညီပံ့ပိုးပေးသွားမဲ့အကြောင်း ပြောကြားပါတယ်။
Source: Reuters










