DVB Logo
Home
မြန်မာသတင်း
အတုအယောင် ရွေးကောက်ပွဲကို ကန့်ကွက်တားဆီးရန် အာဆီယံကို NLD သဘောထားပေးပို့ 
DVB
·
August 3, 2025
အတုအယောင် ရွေးကောက်ပွဲကို ကန့်ကွက်တားဆီးရန် အာဆီယံကို NLD သဘောထားပေးပို့ 
Donate to DVB

စစ်တပ်ရဲ့ နိုင်ငံရေးလှည့်စားမှုဖြစ်တဲ့ အတုအယောင် ဟန်ပြရွေးကောက်ပွဲ ကျင်းပဖို့ ကြံစည်နေတာကို ကန့်ကွက်တားဆီးမှ ပိုရှုပ်ထွေးဆိုးဝါးလာနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ကြိုတင်ကာကွယ်နိုင်မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) က အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဆီကို စာရေးသားပေးပို့ပါတယ်။

သြဂုတ် ၄ ရက်နေ့ကနေ ၇ ရက်နေ့ထိ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ ကျင်းပမယ့် မြန်မာနိုင်ငံဆိုင်ရာ သက်ဆိုင်သူတွေအားလုံး ပါဝင်တဲ့ အစည်းအဝေးတက်ရောက်ဖို့ NLD ကို ဖိတ်ကြားတဲ့အပေါ် ကျေးဇူးတင်ကြောင်း အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် တန်စရီအော့သ်မန် ဟာရှကင်ဆီကို ဩဂုတ် ၃ ဒီနေ့ရက်စွဲနဲ့ စာပေးပို့တာပါ။

ဖိတ်ခေါ်လာပေမယ့် NLD အဖွဲ့ဝင်တွေဟာ ပြည်ပခရီးသွားလာရေး အခက်အခဲတွေကြောင့် မတက်ရောက်နိုင်ဘဲ သဘောထားကို စာနဲ့ပေးပို့ရတာဖြစ်ပြီး နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းရမယ်လို့ ယုံကြည်ကြောင်း ဖော်ပြထားပါတယ်။

အခုအခါ စစ်တပ်ဟာ အတုအယောင်ဟန်ပြရွေးကောက်ပွဲကနေ လိုချင်တဲ့ရလဒ် ထွက်လာအောင် လူထု ယုံကြည်ထောက်ခံတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD  ကို မြန်မာ့နိုင်ငံရေးဖြစ်စဉ်တွေမှာ မပါဝင်နိုင်အောင် ဖယ်ထုတ်တာနဲ့ ရွေးကောက်ပွဲတွေမှာ ပြည်သူလူထုကို လွတ်လွတ်လပ်လပ် ဆန္ဒမပြုနိုင်အောင် ဖိနှိပ်ချုပ်ချယ်တဲ့ဥပဒေတွေ ပြဋ္ဌာန်းလာတာကြောင့် ပြည်သူလူထုရဲ့ ဆန္ဒအစစ်အမှန် ပေါ်ထွက်လာမယ့် ရွေးကောက်ပွဲ မဟုတ်တာ ထင်ရှားနေတယ်လို့ ဆိုပါတယ်။

အဲဒါကြောင့် လွတ်လပ်ပြီး တရားမျှတမှုမရှိတဲ့ စစ်တပ်ရဲ့ နိုင်ငံရေးလှည့်စားမှုဖြစ်တဲ့ အတုအယောင် ဟန်ပြရွေးကောက်ပွဲကျင်းပဖို့ ကြံစည်နေတာကို ကန့်ကွက်တားဆီးမှပဲ ပိုရှုပ်ထွေး ဆိုးဝါးလာနိုင်တဲ့ နောက်ဆက်တွဲပြဿနာတွေကို ကြိုတင်ကာကွယ်နိုင်မယ်လို့ ဆိုပါတယ်။

မြန်မာ့ပြဿနာတွေ ဖြစ်လာရတာရဲ့ အရင်းအမြစ်ဟာ အဲဒီအချိန်က တည်ဆဲဖွဲ့စည်းပုံအခြေခံ ဥပဒေကို ချိုးဖောက်ပြီး ရွေးကောက်ခံ အရပ်သားပြည်သူ့အစိုးရဆီကနေ စစ်တပ်က အာဏာသိမ်းလိုက်လို့ ပေါ်လာရတာဖြစ်ပြီး ပြဿနာအရင်းခံအကြောင်းဖြစ်တဲ့ စစ်တပ်ရဲ့ လုပ်ဆောင်ချက်မှန်သမျှကို အသိအမှတ်မပြု မပူးပေါင်းဖို့ လိုတယ်လို့လည်း စာမှာ ဖော်ပြပါတယ်။

မြန်မာ့နိုင်ငံရေးပြဿနာတွေ ပြေလည်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာရာမှာ NLD ဥက္ကဋ္ဌ၊ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှုမပါဝင်ဘဲ ပြေလည်ရေးလမ်းစ မရရှိနိုင်လို့ အခိုင်အမာ ယုံကြည်တာကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးဝင်းမြင့် တို့အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံး အမြန်ဆုံး လွတ်မြောက်ဖို့ လိုတယ်လို့ ဆိုပါတယ်။

အရပ်သားပြည်သူလူထုအပေါ် စစ်တပ်က ပစ်မှတ်ထားပြီး လေကြောင်းကနေ ဗုံးကြဲ သတ်ဖြတ်နေတာတွေ ရပ်တန့်ဖို့ လိုအပ်တဲ့ အစီအမံတွေ ချမှတ်ပေးတာဟာ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ပေးပို့သလိုမျိုး ပိုလုပ်သင့်တဲ့ အကြောင်းအရာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ပြီးတော့ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အကျဉ်းထောင်လက်စွဲ ဥပဒေပါ အခွင့်အရေးတွေနဲ့ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်တာတွေ မရတာကြောင့် ထောင်တွေထဲမှာ ဆက်တိုက်သေဆုံးနေလို့ နိုင်ငံရေးအကျဉ်းသားတွေကို အာဆီယံအနေနဲ့ ကာကွယ်ပေးနိုင်မယ့် အစီအစဉ်တွေ ချမှတ်ပေးဖို့လည်း မေတ္တာရပ်ခံလိုက်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013