
ဂါဇာမှာ ပါလက်စတိုင်းပြည်သူတွေ အစားအစာအကူအညီတွေကို ယူဖို့စောင့်ဆိုင်းနေချိန် သေနတ်ပစ်ခတ်မှုတွေ ရှိခဲ့ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) က ဇူလိုင် ၃၀ ရက်မှာ ရုပ်သံဗီဒီယို ထုတ်ပြန်ခဲ့ပါတယ်။
ဗီဒီယိုထဲမှာ OCHA က ဒါဟာ အစ္စရေးရဲ့ သေနတ်ပစ်ခတ်မှုဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဘယ်သူက သေနတ် ပစ်ခတ်နေတယ်ဆိုတာကိုတော့ အတည်မပြုနိုင်ပါဘူး။
အစ္စရေး တပ်ဖွဲ့ဝင်တွေက စစ်ဆေးရေးဂိတ်တွေကို ဖြတ်ကျော်ခွင့်ပြုပြီးတာနဲ့ ကုလသမဂ္ဂ မော်တော်ယာဉ်တွေကနေ ထောင်နဲ့ချီတဲ့ ဆာလောင်ငတ်မွတ်နေပြီး စိတ်ပျက်အားငယ်နေသူတွေ စောင့်ဆိုင်းနေကြတာကို မြင်တွေ့ရကြောင်း UNOCHA မှ အိုလ်ဂါ ချေရဗ်ကိုက ပြောပါတယ်။
စစ်ဆေးရေးဂိတ်မှာ ၂ နာရီကျော်လောက် စောင့်ဆိုင်းရတာဟာ အကူအညီတွေ ပေးအပ်ရာမှာ ကုလသမဂ္ဂအေဂျင်စီ ကြုံတွေ့နေရတဲ့ ကန့်သတ်ချက်တွေထဲမှ တခုဖြစ်ကြောင်းလည်း ဆိုပါတယ်။
သူတို့ နောက်ထပ်ကြုံတွေ့ရတဲ့ ကန့်သတ်ချက်က ကုန်တင်ဖို့ အချိန်ကန့်သတ်ချက်ကြောင့် ကုန်တင်ကားတွေရဲ့ နောက်ကျောကနေ အလွယ်တကူ ပြုတ်ကျသွားနိုင်တဲ့ ခါးပတ်တွေ၊ သိုင်းကြိုးတွေနဲ့ ခိုင်ခံ့လုံခြုံအောင် မစည်းနှောင်နိုင်ဘဲ လမ်းတွေက ကြမ်းတမ်းပြီး တခါတရံမှာ အရှိန်ပြင်းပြင်းနဲ့ မောင်းနှင်ရတဲ့အခါ ကုန်တင်ကားတွေရဲ့ အနောက်ကနေ ပစ္စည်းတွေ အလွယ်တကူ ပြုတ်ကျနိုင်တာပါပဲ။ ဒါကြောင့် ဒီကန့်သတ်ချက်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ လိုပါတယ်လို့ ချေရဗ်က ပြောပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ အားနည်းကျုံလှီ ပိန်ချုံးကျနေတဲ့ ပါလက်စတိုင်း ကလေးငယ်တွေရဲ့ ပုံရိပ်တွေကြောင့် ကမ္ဘာ့နိုင်ငံတွေ တုန်လှုပ်ခဲ့ရပြီး နိုင်ငံတကာရဲ့ ဒေါသတွေ ကြီးထွားလာမှုနဲ့အတူ အစ္စရေးဟာ အကူအညီတွေ ဝင်ရောက်နိုင်ခွင့်ကို ဖြေလျှော့ပေးမယ့် လုပ်ငန်းစဉ်တွေကို သီတင်းပတ်ကုန်မှာ ကြေညာခဲ့ပါတယ်။
ဒါပေမဲ့ အစ္စရေးဟာ ဇူလိုင် ၂၇ ရက်မှာ လူသားချင်းစာနာထောက်ထားမှုအဖြစ် စစ်ပွဲကို ခေတ္တရပ်ထားလိုက်ကတည်းက လုံလောက်တဲ့ အကူအညီတွေ ဖြန့်ဖြူးနိုင်ဖို့အတွက် လိုအပ်တဲ့ ခွင့်ပြုချက်မရဘူးလို့ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်က ဇူလိုင် ၂၉ ရက်မှာ ပြောကြားခဲ့ပါတယ်။
ဂါဇာ ကျန်းမာရေးအာဏာပိုင်တွေကလည်း ငတ်မွတ်မှုနဲ့ဆက်နွှယ်တဲ့ အကြောင်းတရားတွေကြောင့် သေဆုံးရသူ ပိုများလာကြောင်း သတင်းပို့နေပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်အတွင်း ကလေးငယ် ၈၈ ယောက် အပါအဝင် သေဆုံးသူ ၁၄၇ ယောက် ရှိပါတယ်။
အစ္စရေးက လူတွေကို အစားအစာ အငတ်ထားပြီး နှိပ်စက်တဲ့ မူဝါဒတရပ်ကို လုပ်ဆောင်နေတယ်ဆိုတဲ့ စွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။
ဂါဇာကမ်းမြောင်ဒေသရဲ့ အခြေအနေဟာ ခက်ခဲပေမဲ့လည်း ငတ်မွတ်ခေါင်းပါးမှုနဲ့ ပတ်သက်ပြီး အလိမ်အညာတွေ ရှိနေကြောင်း အစ္စရေး နိုင်ငံခြားရေးဝန်ကြီး ဂစ်ဒီယွန်ဆားက ဇူလိုင် ၂၉ ရက်မှာ ပြောကြားခဲ့ပါတယ်။
Source: Reuters










