DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် ထောင်ချခံခဲ့သည့် ပလက်ဝဒေသခံ ၁၆ ဦးပြန်လွတ်
DVB
·
August 2, 2025
အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် ထောင်ချခံခဲ့သည့် ပလက်ဝဒေသခံ ၁၆ ဦးပြန်လွတ်
Donate to DVB

အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ ပုသိမ်အကျဉ်းထောင်မှာ ထောင်ဒဏ် ၄ နှစ် ချမှတ်ခံထားရတဲ့ ပလက်ဝဒေသခံ ၁၆ ယောက် ဩဂုတ် ၁ ရက်နေ့မှာ ချုပ်ရက်စေ့ပြီး ပြန်လည်လွတ်မြောက်လာတယ်လို့ ပလက်ဝဒေသခံတွေဆီက သိရပါတယ်။

အခုလွတ်မြောက်လာသူ ၁၆ ဦးဟာ ချုပ်ရက်စေ့လို့ ပြန်လည်လွတ်မြောက်လာတာဖြစ်ပြီး ကျန်းမာရေးကောင်းကောင်းမွန်မွန်ရှိတယ်လို့ ပလက်ဝဒေသခံအမျိုးသားတယောက်က ပြောပါတယ်။

“ပါးဝကျေးရွာက အဖမ်းခံထားရတဲ့ ကျေးရွာသား ၁၉ ဦးအထဲက ၁၆ ဦးပြန်လွတ်လာတယ်လို့ ကျနော်တို့ သိထားရတယ်။ သူတို့က ထောင်ဒဏ် ၄ နှစ်စီချမှတ်ခံထားရသူတွေဖြစ်ပြီး ချုပ်ရက်စေ့ပြီး တော့လွတ်လာကြတာ။ အခု ပုသိမ်ကနေ ရန်ကုန်ကိုလာနေတယ်လို့သိရတယ်။ ကျန်းမာရေးလည်း ကောင်းကြတယ်။ ကျန် ၃ ဦးကတော့ ထောင်ဒဏ် ၇ နှစ်မှတ်ခံထားရတာကြောင့် နောက်ထပ် ၃ နှစ် ကျန်သေးတယ်” လို့ပြောပါတယ်။

၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ ပလက်ဝမြို့နယ် ပါးဝကျေးရွာက မင်္ဂလာဆောင်တခုမှာ ကျေးရွာသား ၁၉ ယောက်ကို CFD- Palatwa နဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး စစ်ကောင်စီကဖမ်ဆီးပြီးနောက် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

အဲဒီလို တရားစွဲဆိုခဲ့ပြီးနောက် အခုလွတ်မြောက်လာသူ ၁၆ ယောက်ကို ထောင်ဒဏ် ၄ နှစ် ချမှတ်လိုက်တာဖြစ်ပြီး ကျန် ၃ ယောက်ကို ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့တယ်လို့ ပလက်ဝဒေသခံတွေက ပြောပါတယ်။

အခုလွတ်မြောက်လာသူတွေကို ပလက်ဝမြို့နယ်တရားရုံးက အမိန့်ချမှတ်လိုက်ပြီးနောက် စစ်တွေအကျဉ်းထောင်ကို စစ်ကောင်စီကပို့ဆောင်ခဲ့ပြီး အဲဒီကနေတဆင့် ၂၀၂၄ ခုနှစ် အောက်တိုဘာမှာ ပုသိမ်အကျဉ်းထောင်ကို ပို့ဆောင်လိုက်တာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၂ ရက်နေ့ကလည်း ပုသိမ်အကျဉ်းထောင်က ချုပ်ရက်စေ့ပြီး လွတ်မြောက်လာတဲ့ ရခိုင်လူမျိုး ၂၁ ယောက်ကို စစ်ကောင်စီက ထောင်ဗူးဝမှာပြန်လည်ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ၊ မတရားအသင်းဆက်သွယ်ရေး ဥပဒေပုဒ်မတွေနဲ့ ပြန်လည် အမှုဖွင့်ခဲ့တယ်လို့ သိရပါတယ်။

၂၀၂၄ ခုနှစ် အောက်တိုဘာမှာ ရခိုင်တိုက်ပွဲအခြေအနေကြောင့် စစ်တွေအကျဉ်းထောင်မှာရှိတဲ့ နိုင်ငံရေးအကျဉ်းသား ၃၄၀ ကျော်ကို စစ်ကောင်စီက ပုသိမ်ထောင်ကို ရေကြောင်းနဲ့ ပို့ဆောင်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013