
ချီလီနိုင်ငံမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ငလျင်လှုပ်ခတ်မှုကြောင့် အလ်တန်နယန့်တေး မိုင်းတွင်းပြိုကျပြီး အလုပ်သမား တယောက် သေဆုံးကာ လူ ၉ ယောက် ဒဏ်ရာရရှိခဲ့သလို တခြား ၅ ယောက်လည်း ပိတ်မိနေခဲ့ပါတယ်။
ဒီဖြစ်ရပ်ကြောင့် သတ္တုတွင်းတူးဖော်မှုကို ရပ်ဆိုင်းလိုက်ကြောင်း ချီလီကြေးနီကုမ္ပဏီကြီး ကိုဒလ်ကိုက ကြေညာချက် ထုတ်ပြန်လိုက်ပြီး ပိတ်မိနေတဲ့ လုပ်သားတွေဆီ ရောက်ရှိကယ်ဆယ်နိုင်ဖို့ ဆက်လုပ်နေတယ်လို့ ဩဂုတ် ၁ ရက်မှာ ကြေညာခဲ့ပါတယ်။
ကုမ္ပဏီရဲ့ ၃ လပတ် ရလဒ် ကြေညာချက်ကိုလည်း ရွှေ့ဆိုင်းခဲ့ပါတယ်။ ကမ္ဘာ့အကြီးဆုံး မြေအောက် ကြေးနီသိုက်ရဲ့ မီးတောင်ချော်ကျောက် နေရာသစ်မှာ ဇူလိုင် ၃၁ ရက်က ပြင်းအား ရစ်ချ်တာစကေး ၄ ဒသမ ၂ ရှိတဲ့ ငလျင်လှုပ်ခတ်မှုကြောင့် အဆက်အသွယ်မရဘဲ တနေကုန်နီးပါး ပိတ်မိနေခဲ့ကြတာပါ။
ဆယ်စုနှစ်တွေအတွင်း အကြီးဆုံးငလျင်တွေထဲက တခုလို့ ဖော်ပြထားတဲ့ ဒီဖြစ်ရပ်ကြောင့် ဝင်ရောက်တဲ့ လမ်းကြောင်းတွေ ပိတ်ဆို့ကုန်တာကြောင့် မြေအောက်ထဲ ပိတ်မိနေတဲ့ လုပ်သားတွေ ကို ကယ်ဆယ်ဖို့ ကြိုးပမ်းမှုတွေ ရပ်တန့်ခဲ့ရပါတယ်။
အဆက်အသွယ်တွေ ခက်ခဲနေပေမဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လုပ်ဆောင် နေကြောင်းကိုတော့ ပိတ်မိနေတဲ့ အလုပ်သမားတွေရဲ့ မိသားစုတွေကို အာမခံထားတယ် လို့လည်း ကိုဒလ်ကို ကုမ္ပဏီက ပြောပါတယ်။
ငလျင်ဒဏ် ခံရလေ့ရှိတတ်တဲ့ နိုင်ငံမှာ ဒီဖြစ်ရပ်ဟာ သဘာဝအကြောင်းရင်းကြောင့်လား၊ သတ္တုတူးဖော်ရေးလှုပ်ရှားမှုကြောင့်လား ဆိုတာကိုလည်း ကုမ္ပဏီက စုံစမ်းစစ်ဆေးနေပါတယ်။
မတော်တဆဖြစ်စဉ်ကြီးတွေအတွက် လိုက်နာရမယ့် လုပ်ထုံးလုပ်နည်းအရ အစိုးရဟာ ကိုဒလ်ကို မိုင်းတွင်းရှိ မြေအောက်တူးဖော်ရေးလုပ်ငန်းအားလုံးကို ရပ်ဆိုင်းဖို့ တရားဝင် အမိန့်ထုတ်ထားကြောင်း ချီလီ သတ္တုတွင်းဝန်ကြီး အော်ရိုးရားဝီလျံမ်စ်က ပြောပါတယ်။
မိုင်းတွင်း သမဂ္ဂဥက္ကဋ္ဌ အလ်ဖွှန်ဆို ဆာဗေ့ဒ်ရာက “ကျနော်တို့အားလုံးက အလုပ်သမားတွေပဲ ဖြစ်တာကြောင့် ဒီအခြေအနေနဲ့ ပတ်သက်ပြီး စိတ်ထိခိုက်ရပြီးတော့ တချိန်လုံးလည်း ကျနော်တို့ လူတွေနဲ့ အဖွဲ့တွေက ပျောက်ဆုံးနေတဲ့ အလုပ်သမားတွေကို ရှာဖွေဖို့ ၂၄ နာရီကျော်လောက် ကြိုးစားနေပါတယ်” လို့ ပြောပါတယ်။
ဂါရ်ဒီလ်စစ် ဆောက်လုပ်ရေးကုမ္ပဏီ သမဂ္ဂဥက္ကဋ္ဌ ကားလော့စ်ချာမော်ရိုကတော့ ပေါ့ပေါ့တန်တန် လုပ်ဆောင်မှုရှိခဲ့ဖူးလို့ ဒီကိစ္စကို စုံစမ်းစစ်ဆေးဖို့ တောင်းဆိုခဲ့ပါတယ်။
“လွန်ခဲ့တဲ့ ၂ နှစ်လောက်ကလည်း ဒီနေရာ ဒီအပိုင်းမှာပဲ မတော်တဆမှုတခု ဖြစ်ပွားခဲ့ပြီး အလုပ်သမား တယောက်ခုထိ ပျောက်ဆုံးနေဆဲပါ။ အခုကတော့ တယောက် မဟုတ်ပဲ၊ ၅ ယောက် ပျောက်နေတာပါ” လို့ ဆိုပါတယ်။
Source:Reuters











