DVB Logo
Home
မြန်မာသတင်း
လက်နက်ပွဲစားများအား အမေရိကန်ပိတ်ဆို့ဒဏ်ခတ် ရုပ်သိမ်းမှုအပေါ်  ကုလ ရှုတ်ချ
DVB
·
August 1, 2025
လက်နက်ပွဲစားများအား အမေရိကန်ပိတ်ဆို့ဒဏ်ခတ် ရုပ်သိမ်းမှုအပေါ်  ကုလ ရှုတ်ချ
Donate to DVB

စစ်ကောင်စီတပ်အတွက် စစ်လက်နက်ပစ္စည်းတွေဝယ်ယူပေးနေတဲ့ လက်နက်ပွဲစားတွေ အပေါ် အမေရိကန်က ပိတ်ဆို့ဒဏ်ခတ်မှု ရုပ်သိမ်းလိုက်တဲ့ ဆုံးဖြတ်ချက်အပေါ်  ကုလသမဂ္ဂရဲ့ မြန်မာ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်က ရှုတ်ချလိုက်ပါတယ်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက လက်နက်ပွဲစား ဦးစစ်တိုင်းအောင်၊ ဦးအောင်လှိုင်ဦးနဲ့ ဦးဂျွန်နသန်ကျော်သောင်းတို့နဲ့ သူတို့ရဲ့ ကုမ္ပဏီတွေအပေါ် ပိတ်ဆို့ဒဏ်ခတ် အရေးယူထား တာကနေ ပယ်ဖျက်လိုက်တယ်လို့ ဇူလိုင် ၂၄ ရက် ရက်စွဲနဲ့ ထုတ်ပြန်လိုက်တာပါ။ အဆိုပါ ကုမ္ပဏီတွေထဲမှာ MCM ကုမ္ပဏီအုပ်စုဝင် MYANMAR CHEMICAL AND MACHINERY  ကုမ္ပဏီ၊ SUNTAC  ကုမ္ပဏီအုပ်စုဝင် SUNTAC TECHNOLOGIES ကုမ္ပဏီနဲ့   FUNSAGA ကုမ္ပဏီစတာတွေလည်း ပါဝင်ပါတယ်။ 

မစ္စတာ အန်ဒရူးစ်ကတော့ ခုလိုရုပ်သိမ်းလိုက်တဲ့ ဆုံးဖြတ်ချက်က “တုန်လှုပ်ဖွယ်” ဖြစ်ကြောင်း ပြောလိုက်သလို စစ်အုပ်စုလက်ထဲကို စစ်လက်နက်တွေ မရောက်အောင် ကန့်သတ်ဖို့ နိုင်ငံတကာ စုပေါင်း အားထုတ်မှုတွေအတွက်လည်း ဒီလုပ်ရပ်က ကြီးမားတဲ့ နောက်ပြန်ဆုတ်တဲ့ ခြေလှမ်းတခုဖြစ်တယ်လို့လည်း ပြောလိုက်ပါတယ်။

ဦးစစ်တိုင်းအောင်ဟာ စစ်ကောင်စီတပ်အတွက် လက်နက်စက်ရုံတွေ တည်ဆောက် လည်ပတ်ဖို့အတွက်လိုတဲ့ ကုန်ကြမ်းတွေတင်သွင်းဖို့ စစ်ဘက်ဆိုင်ရာ သွင်းကုန်လိုင် စင်ရထားသူပါ။

သူဟာ ယူကရိန်းနဲ့ တခြားအရှေ့ဥရောပနိုင်ငံတွေကလက်နက်တွေကို စစ်ကောင်စီအတွက် တင်သွင်းသူဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) နဲ့ Justice for Myanmar တို့က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဦးအောင်လှိုင်ဦးဟာ ယူကရိန်းနဲ့ စစ်ကောင်စီပေါင်းပြီး သံချပ်ကာကားတွေ၊ အပေါ့စား တင့်ကားတွေနဲ့ ဟောင်ဝစ်ဇာအမြောက်တွေ ထုတ်ဖို့ စီမံကိန်းအတွက် အရေးပါတဲ့သူဖြစ်ပါတယ်။

ဦးဂျွန်နသန်ကျော်သောင်းကလည်း စစ်ကောင်စီအတွက် Eurocopter နဲ့ Fokker လေ ယာဉ်တွေ ဝယ်ဖို့အတွက် ကူညီပေးခဲ့တဲ့သူဖြစ်တယ်လို့ Justice for Myanmar က ထုတ်ပြန်ထားပါတယ်။

မစ္စတာ အန်ဒရူးစ်ကတော့ ပိတ်ဆို့အရေးယူမှုစာရင်းကနေ ဖယ်ရှားလိုက်တဲ့ ကုမ္ပဏီတွေ က စစ်အုပ်စုရဲ့ စစ်ရေးဆောင်ရွက်မှုတွေမှာ ပါဝင်ပတ်သက်နေကြောင်း အခိုင်အမာပြောပါတယ်။

ဒါ့အပြင် ကနဦးဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် ၂၀၂၃ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အတွင်း မြန်မာစစ်အုပ်စုရဲ့ လက်နက်တင်သွင်းမှုတွေ ၃၀ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့တဲ့ ဒေတာအချက်အလက်တွေကို ကိုးကားပြီးတော့ ဒီလိုပိတ်ဆို့အရေးယူမှုတွေက ထိရောက် မှုရှိကြောင်း သက်သေပြနေပြီး ခုလို လက်နက်ပွဲစားတွေအပေါ် အမေရိကန်က ပိတ်ဆို့ ဒဏ်ခတ်မှုတွေ ရုပ်သိမ်းလိုက်တာက ပိုပြီးထိတ်လန့်စရာကောင်းတယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013