DVB Logo
Home
နိုင်ငံတကာ
ကပိလဝတ် ဗုဒ္ဓဓာတ်တော် ဌာပနများ လေလံပျက်ပြီး အိန္ဒိယသို့ ပြန်လည်ပို့ဆောင်
DVB
·
August 1, 2025
ကပိလဝတ် ဗုဒ္ဓဓာတ်တော် ဌာပနများ လေလံပျက်ပြီး အိန္ဒိယသို့ ပြန်လည်ပို့ဆောင်
Donate to DVB

အိန္ဒိယအစိုးရနဲ့ ကမ္ဘာတဝန်းက ဗုဒ္ဓဘာသာခေါင်းဆောင်တွေရဲ့ ဖိအားပေးမှုကြောင့်  ကပိလဝတ်မြို့တော်ဟောင်းမှာ မြတ်စွာဘုရားရဲ့ ဓာတ်တော်တွေနဲ့အတူ မြှုပ်နှံခဲ့တယ်လို့ ယူဆရတဲ့ ရတနာတွေကို ဆာ့သ်ဘီးစ် လေလံလုပ်ငန်းက အိန္ဒိယနိုင်ငံကို ပြန်လည်ပေးအပ်ခဲ့ပါတယ်။

ဒီရတနာတွေထဲမှာ ပုလဲ၊ ပတ္တမြား၊ နီလာနဲ့ အလှဆင်ထားတဲ့ ရွှေပြားလေးတွေ စုစုပေါင်း ၁,၈၀၀ နီးပါး ပါဝင်ပါတယ်။

ဒီရတနာတွေကို မေလတုန်းက ဟောင်ကောင်မှာ လေလံတင်ဖို့ စီစဉ်ထားခဲ့တာပါ။ ဒါပေမဲ့ အိန္ဒိယအစိုးရရဲ့ သံတမန်ရေးအရ ကြားဝင်ဆောင်ရွက်မှုနဲ့ တရားဥပဒေအရ အရေးယူမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေကြောင့် လေလံပွဲကို ဖျက်သိမ်းခဲ့ရပါတယ်။

ဒီရတနာတွေကို မွမ်ဘိုင်းအခြေစိုက် Godrej Industries Group ကုမ္ပဏီစုကြီးက ဝယ်ယူပြီးတော့ အိန္ဒိယနိုင်ငံမှာ အများပြည်သူ အမြဲတမ်း ကြည့်ရှုလေ့လာနိုင်ဖို့ ခင်းကျင်းပြသသွားမှာ ဖြစ်ပါတယ်။

၁၈၉၈  ခုနှစ်မှာ ဌာပနာပစ္စည်းတွေကို မြတ်စွာဘုရားရဲ့ ဇာတိမြေအနီး အိန္ဒိယမြောက်ပိုင်းက ကပိလဝတ် မြို့တော်ဟောင်း တည်ရှိရာ ပိပရာဝါရွာ စေတီတဆူထဲကနေ အင်္ဂလိပ်လူမျိုး ခြံမြေမန်နေဂျာ ဝီလျံ ကလပ်စတန် ပက်ပေက တူးဖော်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဌာပနာပြာအိုးမှာ စာကမ္ပည်းထိုးထားမှုအရ မြတ်စွာဘုရားရဲ့ ဓာတ်တော် ဖြစ်တယ်လို့ ဖော်ပြထားတဲ့  အရိုးဓာတ်တော် အပိုင်းအစတွေနဲ့အတူ ထည့်သွင်းမြှုပ်နှံထားတာ ဖြစ်ပါတယ်။

နောက်ပိုင်းမှာ ပက်ပေဟာ ရတနာ၊ ဓာတ်တော်နဲ့ ဌာပနာပြာအိုး အများစုကို ကိုလိုနီခေတ် အိန္ဒိယအစိုးရထံ လွှဲပြောင်းပေးခဲ့ပြီး အရိုးဓာတ်တော်တွေကိုတော့ မဟာချူလာလောင်ကွန်း ဘုရင်ကြီးလို့ အများသိကြတဲ့ ထိုင်းဘုရင် ရာမ - ၅ ထံ ပေးအပ်ခဲ့ပါတယ်။

ဌာပနာပြာအိုး ၅ ခု၊ ကျောက်သေတ္တာတလုံးနဲ့ တခြားဌာပနာအများစုကိုတော့ အဲဒီခေတ်က ကာလကတ္တား အင်ပါယာပြတိုက်ဖြစ်တဲ့ အခု ကာလကတ္တားမြို့က အိန္ဒိယပြတိုက်ဆီ ပို့ဆောင်ခဲ့ပါတယ်။

နှစ် ၁၀၀ ကျော် ကာလအတွင်း ကျန်ရှိတဲ့ ရတနာတွေဟာ ဗြိတိန်က ပုဂ္ဂလိကစုဆောင်းမှု တခုအဖြစ် လူမသိသူမသိ တည်ရှိနေခဲ့ပါတယ်။

ပက်ပေ မိသားစုက ထိန်းသိမ်းထားတဲ့ ရတနာ ၃၀၀ ကို ဖေဖော်ဝါရီလနဲ့ မေလတုန်းက ဆာ့သ်ဘီးစ် လေ့လံရဲ့ ဟောင်ကောင်ပြခန်းမှာ ပြသခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၆ နှစ်အတွင်းမှာ ဒီရတနာတွေကို အဓိကပြပွဲကြီးတွေမှာ ပြသခဲ့ဖူးပါတယ်။

သမိုင်းပညာရှင်တွေက ဒီဌာပနာတော်တွေကို မြတ်စွာဘုရားရဲ့ သာကီဝင်မျိုးနွယ်တွေနဲ့ ကမ္ဘာတဝန်းက ဗုဒ္ဓဘာသာဝင်တွေ အားလုံးရဲ့ ဘုံအမွေအနှစ်အဖြစ် သတ်မှတ်ကြပါတယ်။

အရိုးဓာတ်တော် အပိုင်းအစတွေကိုတော့ ထိုင်း၊ သီရိလင်္ကာနဲ့ မြန်မာနိုင်ငံတွေဆီ မျှဝေပေးခဲ့ပြီး အခုချိန်ထိ ကိုးကွယ်ရာအဖြစ် တည်ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013