
ထိုင်းနဲ့ ကမ္ဘောဒီးယား ၂ နိုင်ငံကြား ဖြစ်ပွားနေတဲ့ နယ်စပ်ပဋိပက္ခကြောင့် ထိုင်းနိုင်ငံရဲ့ ခရီးသွားကဏ္ဍကို သိသိသာသာ ရိုက်ခတ်လာခဲ့ပြီး အဓိကခရိုင် ၉ ခုမှာ ဟိုတယ်အခန်းတွေ ဘွတ်ကင်ဖျက်သိမ်းမှုတွေ ရှိလာခဲ့တယ်လို့ The Nation Thailand သတင်းမှာ ဇူလိုင် ၃၁ ရက်က ဖော်ပြပါတယ်။
ထိုင်းဟိုတယ်များအသင်း (THA) ရဲ့ ထုတ်ပြန်ချက်အရ ချင်းမိုင်ဟာ အဆိုးရွားဆုံးသော ထိခိုက်တဲ့ ဒေသဖြစ်ပြီး ခုလိုဖျက်သိမ်းမှုတွေအပေါ် လွှမ်းမိုးတဲ့ အဓိကအကြောင်းရင်း ကတော့ ခရီးသွားအာမခံမူဝါဒတွေအပေါ် သက်ရောက်မှုကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။
THA ဥက္ကဋ္ဌ သီယန်ပရာဆစ် ချိုင်ယာပတ်ထရာနန်က အဖွဲ့ဝင်ဟိုတယ်တွေကြား မငြိမ်မသက်မှုတွေနဲ့ ပတ်သက်လို့ စစ်တမ်းကောက်ယူမှု ပဏာမတွေ့ရှိချက်ကို ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ထုတ်ပြန်ခဲ့တာဖြစ်ကာ ဇူလိုင် ၂၄ ရက်ကစလို့ ခရိုင် ၉ ခုက ဟိုတယ် ၂၄ လုံးမှာ အခန်းပေါင်း ၅,၂၆၆ ခန်း ဘွတ်ကင် ဖျက်သိမ်းခဲ့တယ်လို့ ပြောပါတယ်။
အဆိုပါကိန်းဂဏန်းထဲမှာတော့ အကြောင်းတရားအားလုံးကြောင့် ဖျက်သိမ်းမှုတွေအပြင် ထိုင်း-ကမ္ဘောဒီးယားနယ်စပ်အခြေအနေနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ အချက်တွေလည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။
စစ်တမ်းအရ ထိုင်းခရီးသွားတွေရဲ့ ဟိုတယ်ဘွတ်ကင် ဖျက်သိမ်းတဲ့ အရေအတွက်က အများဆုံးဖြစ်ပြီး သူ့နောက်မှာတော့ အာရှဒေသတွင်း ခရီးသွားတွေ အရေအတွက်က နီးနီးကပ်ကပ် ရှိနေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ခရိုင်အလိုက် ဖျက်သိမ်းမှုအနေနဲ့ ချင်းမိုင်က အခန်းပေါင်း ၂,၀၈၉ ခန်း ထိခိုက်ခဲ့ပြီး ဖျက်သိမ်းမှု အသိသာအထင်ရှားဆုံးဖြစ်ကာ ဘန်ကောက်က ဖျက်သိမ်းမှု ၁၈၆၃ ခန်း၊ ချွန်ဘူရီက ၆၆၈ ခန်း၊ ဖူးခက်က ၅၆၆ ခန်း၊ နခွန်ရတ်ချာဆီမာက ၄၀၈ ခန်း၊ ဖန်ငက အခန်း ၁၄၀၊ ဆူရတ်ဌာနီက ၁၃၃ ခန်း၊ လယောင်းက ၈၇ ခန်းနဲ နောင်ခိုင်က ၁၂ ခန်းစီ အသီးသီး ပါဝင်နေတာပါ။
ဒါ့အပြင် ကမ္ဘောဒီးယားနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ခရိုင်တွေမှာတော့ တခြားဒေသတွေထက် ပိုမိုပြင်းထန်တဲ့ သက်ရောက်မှုတွေကို ကြုံတွေ့နေရသလို ခရီးသွားလုပ်ငန်းအပေါ် နောက်ဆက်တွဲ ဆိုးကျိုးတွေ လျော့ပါးသက်သာစေဖို့ မငြိမ်မသက်မှုတွေကို လျင်မြန်စွာဖြေရှင်းနိုင်ဖို့လည်း THA က မျှော်လင့်တယ်လို့ ဆိုပါတယ်။
Source : The Nation Thailand











