DVB Logo
Home
မြန်မာသတင်း
ဗိုလ်ချုပ်ကြေးရုပ်ဟု ဖယ်ရှားခံရသော်လည်း ပြည်သူလူထု၏ လေးစားမှုကို ဖယ်ရှားမရနိုင် 
DVB
·
July 31, 2025
ဗိုလ်ချုပ်ကြေးရုပ်ဟု ဖယ်ရှားခံရသော်လည်း ပြည်သူလူထု၏ လေးစားမှုကို ဖယ်ရှားမရနိုင် 
Donate to DVB

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ရှိ မြန်မာ့လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံတု ကြေးရုပ်တုကို  စစ်ကောင်စီက ဖယ်ရှားခဲ့ပေမဲ့ ပြည်သူတွေရဲ့ လေးစားမှုကိုတော့ ဖယ်ရှားလို့မရနိုင်ဘူးလို့ လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။

ပုဗ္ဗသီရိစျေးအနီး ပန်းခြံထဲက ဗိုလ်ချုပ်အောင်ဆန်းပုံတူ ကြေးရုပ်တုကို စစ်ကောင်စီက ဇူလိုင် ၂၈ ရက် မနက်အစောပိုင်းမှာ ဖယ်ရှားလိုက်တာပါ။

ဇူလိုင် ၂၇ ရက် ညပိုင်းအထိ ဗိုလ်ချုပ်ရုပ်တုကို တွေ့ရှိခဲ့ရပြီး မနက်ပိုင်းမှာ မရှိတော့တဲ့အတွက် လူခြေတိတ်ချိန်မှာ တိတ်တဆိတ်ဖယ်ရှားခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ဦးထွန်းကြည်က “တပ်မတော်ရဲ့ဖခင်လည်း ဖြစ်တယ်၊ လွတ်လပ်ရေးဗိသုကာလည်း ဖြစ်တယ်။ ဒီလိုမျိုးပုဂ္ဂိုလ်အပေါ်မှာ သူက အာဇာနည်ဗိမာန်ကိုလာပြီး အလေးပြုချင်ယောင်ဆောင်တယ်။ လောကမှာ လိမ်ရဲတဲ့သူအဖို့ မလုပ်ရဲတဲ့ မကောင်းမှုဆိုတာ မရှိဘူးတဲ့။ ဂုဏ်ပြုထိုက်တဲ့သူကို ဂုဏ်ပြုထားတဲ့ရုပ်တုဗျ။ ကျေးဇူးတင်ထိုက်တဲ့သူကို ကျေးဇူးတင်ခြင်းဆိုတဲ့ သင်္ကေတ။ အဖေရဲ့ရုပ်တုကိုတောင် သူ ဒီလိုလုပ်လာတာသည် ရှင်းတယ်၊ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာလည်း ဘယ်လောက်တောင်မှ မနာလို ဝန်တိုစိတ်ပေါ့နော်၊ ဒါပေမဲ့ သူက ဒီလိုရုပ်တုသာ ဖယ်ရှားလိုက်တာ၊ ပြည်သူလူထုရဲ့ ရင်ထဲမှာရှိတဲ့ ဗိုလ်ချုပ်ကို ချစ်ခင်လေးစား မြတ်နိုးတဲ့စိတ်ကိုတော့၊ ဗိုလ်ချုပ်ရဲ့ ဝိညာဉ်ကိုတော့ သူ ဖယ်ရှားလို့မရဘူး၊ ဖျောက်ဖျက်လို့မရဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီ ဖယ်ရှားလိုက်တဲ့ ဗိုလ်ချုပ်ကြေးရုပ်တုကို NLD အစိုးရလက်ထက် ၂၀၁၉ ခုနှစ် ဇူလိုင် ၁၉ ရက် အာဇာနည်နေ့မှာ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုဟာ အမြင့် ၁၈ ပေ၊ ကြေးတန်ချိန် ၇ တန် ရှိတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုကို ဖယ်ရှားလိုက်တာနဲ့ပတ်သက်ပြီး စစ်ကိုင်းဒေသတွင်း PDF ခေါင်းဆောင်တွေက အခုလိုမှတ်ချက်ပေးပါတယ်။

စစ်ကိုင်းဒေသတွင်း PDF ခေါင်းဆောင်တယောက်ဖြစ်တဲ့ ကိုနေမင်းက “နေပြည်တော်ပန်းခြံတွင်းက ဗိုလ်ချုပ်ကြေးရုပ် ဖယ်ရှားသိမ်းဆည်းတာနဲ့ ပတ်သက်ပြီးတော့ ပြောရမယ်ဆိုရင် မလုပ်ရဲတာ မရှိဘူးဆိုတဲ့ အတိုင်းပေါ့ဗျာ၊ လက်နက်အားကိုးနဲ့ အုပ်ချုပ်နေတာကိုး။ လုပ်ချင်ရာလုပ်မယ်၊ သူတို့မှာ ဂရုစိုက်စရာလူမှ မရှိတာဗျာ။ နောက်ပြီးတော့ ဗိုလ်ချုပ်ရဲ့သမိုင်းကိုလည်း သူတို့က ဖျောက်ချင်တယ်ဗျာ။ သမိုင်းအဆက်ဆက်ကတည်းက ဟိုတုန်းကတည်းက စစ်တက္ကသိုလ်တွေမှာ၊ ရုံးခန်းတွေမှာ၊ အစိုးရရုံးတွေမှာလည်း ကျနော်တို့ ဗိုလ်ချုပ်ရဲ့ပုံတွေ မတွေ့ရဘူးပေါ့နော်။ NLD အစိုးရ တက်လာမှသာလျှင် ဒါတွေမြင်ခွင့်ရတာပေါ့။ သမိုင်းကို ဖျောက်ချင်တာဗျာ။ ဖျောက်လို့ရသမျှ ဖျောက်ချင်တာပေါ့။ မိုးကောင်းတုန်း ရွာထားဦးပဲ ပြောရမှာပေါ့။ အလှည့်ဆိုတာကတော့ ရှိစမြဲပေါ့နော်။ တမလွန်မကူးတာတွေလည်း ရှိတာပဲပေါ့နော်၊ လက်ရှိလည်း သူတို့ကြုံနေရတာပဲပေါ့” လို့ ပြောပါတယ်။

စစ်ကိုင်းဒေသတွင်း PDF ခေါင်းဆောင်တယောက်ဖြစ်တဲ့ ဒေါင်းညိုကလည်း “ဗိုလ်ချုပ်အောင်ဆန်း ဆိုတာက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင်ဖြစ်တယ်။ ရှင်းရှင်းပြောရရင် သူတို့နှစ်ယောက်က သမိုင်းကြောင်းလှတယ်။ ဒါကတော့ လောကရဲ့ နိယာမတရားပေါ့။ မကောင်းတဲ့သူက ကောင်းတဲ့သူကို မနာလို ဝန်တိုနေတာတော့ ဒါတော့ အမြဲပဲ။ ပြောချင်တာကတော့ ဒီသမိုင်းကြောင်းကြီးကို သူတို့က ဖျောက်ပစ်ချင်တဲ့သဘောမှာ သက်ရောက်တယ်” လို့ ပြောပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဇူလိုင် ၁၉ ရက် အာဇာနည်နေ့က ဗိုလ်ချုပ်အောင်ဆန်းပြတိုက် အပါအဝင် အာဇာနည်ကုန်းကို သွားရောက်ဂါရဝပြုပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကျန်ရစ်ပစ္စည်း အထိမ်းအမှတ်တွေကို ဂရုတစိုက်ထိန်းသိမ်းဖို့ ပြောဆိုခဲ့တာပါ။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ၂၀၂၁ အာဏာစသိမ်းကတည်းက စစ်ခေါင်းဆောင်က ဖမ်းဆီးအကျဉ်းချထားပြီး ဘယ်နေရာမှာ ထိန်းသိမ်းထားတယ် ဆိုတာကိုတောင် ပြည်သူကို အသိမပေးဘဲ သတင်းအမှောင်ချထားခဲ့ပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013