DVB Logo
Home
Lead Story
အမျိုးသမီးတွေကို အနိုင်ကျင့်မှု ၂၀၁၅ မှာ အဆုံးသတ်ကြစို့
DVB
·
November 22, 2014
အမျိုးသမီးတွေကို အနိုင်ကျင့်မှု ၂၀၁၅ မှာ အဆုံးသတ်ကြစို့
Donate to DVB

"ကျမတို့ဆီမှာ အမျိုးသမီးတဦးဟာ ဓမ္မတာလာပြီဆိုရင် အိမ်မှာ နေခွင့်မရှိပါဘူး၊ အရမ်းကို ကျဉ်းမြောင်းပြီး အလင်းရောင်မရတဲ့  ကြွက်တွင်းလိုမျိုး ဂူ ဒါမှမဟုတ် အိမ်သေးသေးလေးမှာ တယောက်တည်း သွားနေရပါတယ်။ ဘယ်သူနဲ့မှလည်း တွေ့ခွင့်မရပါဘူး။ အစားအသောက်လည်း စားခွင့် မရှိသလို ရေလည်းမသောက်ရပါဘူး။ ဘာလို့လဲဆိုတော့ မိန်းမတွေ ဓမ္မတာလာတာဟာ ဘုရားက ဒဏ်ခတ်တာလို့ ယုံကြည်ကြတယ်။

“မသန့်ရှင်းတဲ့အတွက် အစားအသောက်တွေကို ထိတွေ့ခွင့်မရှိပါဘူး။ ညဘက်ဆိုရင် ခဲနဲ့ ဝိုင်းပေါက်တာကိုလည်း ခံရပါသေးတယ်။ ဒီလိုနဲ့ သေဆုံးသွားတဲ့အမျိုးသမီးတွေ အများကြီး ရှိပါတယ်။ အဲဒါကို ချောက်ဘူရီလို့ ခေါ်တယ်။ မြို့ကြီးတွေမှာတော့ ဒီဓလေ့ မရှိတော့ပေမယ့် ကျေးလက်တွေမှာတော့ ရှိနေပါသေးတယ်၊ ဒါဟာအိမ်တွင်းအကြမ်းဖက်မှုတမျိုးပါ” လို့ နီပေါနိုင်ငံ အမျိုးသမီးသတင်းစာဆရာမ မီနာက ပြောပါတယ်။

CHAUPADIကျားမတန်းတူညီမျှရေးနဲ့ အမျိုးသမီး အခွင့်အရေးမြှင့်တင်ဖို့အတွက် ၁၉၉၅ ခုနှစ်က  နိုင်ငံပေါင်းစုံ သဘောတူထုတ်ပြန်ခဲ့တဲ့ ဘေဂျင်းကြေညာစာတမ်း အနှစ် ၂၀ ပြည့်တော့မှာ ဖြစ်ပေမယ့် ဒီအတောတွင်းမှာ အမျိုးသမီးတွေရဲ့ လုံခြုံရေးက ခြိမ်းခြောက်ခံနေရဆဲ ဖြစ်သလို ပညာရေး၊ ကျန်းမာရေး၊ မိသားစုတွင်း၊ ဘာသာရေး၊ ယဉ်ကျေးမှု၊ ယုံကြည်မှု၊ လူမှုအသိုင်းအဝိုင်း၊ ဥပဒေအကာကွယ်ပေးမှု၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာနဲ့ အလုပ်ခွင်တွေထဲမှာ ခွဲခြားဆက်ဆံမှုတွေ ကတော့ ရှိနေတုန်းပါပဲ။

"မလေးရှားမှာ ကျမ ကြုံခဲ့တာလေး ပြောချင်ပါတယ်။ အသက် ၁၃ နှစ်ပဲ ရှိသေးတဲ့ ကလေးမလေးကို အသက် ၇၀ ကျော် အဖိုးကြီးက အဓမ္မပြုကျင့်ခဲ့ပါတယ်။  ဒါပေမယ့် အဲဒီလူကို အရေးယူလို့ မရခဲ့ပါဘူး၊ ဘာလို့လဲဆိုတော့ အဖိုးကြီးဟာ ကလေးမကို လက်ထပ်မယ်လို့ သဘောတူလိုက်လို့ပါ။ အစ္စလာမ်ဘာသာရေး ဥပဒေဖြစ်တဲ့  ရှရီယာဥပဒေအရ ဆိုရင် အရေးယူလို့ မရပါဘူး။ ကျမတို့မိန်းကလေးတွေဟာ ဘာသာရေး၊ လူမျိုးရေးနဲ့ ယဉ်ကျေးမှုခေါင်းစဉ်တွေအောက်မှာ ရုပ်ပိုင်းအရပဲဖြစ်ဖြစ် စိတ်ပိုင်းဆိုင်ရာဖြစ်ဖြစ် လွတ်လွတ်လပ်လပ် ရှင်သန်ဖို့ ခက်ခဲပါတယ်” လို့ မလေးရှားနို်င်ငံက အိန္ဒြာက ပြောပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂအမျိုးသမီးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရဆိုရင် ကမ္ဘာတဝှမ်းလုံးမှာ အမျိုးသမီး ၃ ဦးအနက် ၁ ဦးဟာ ရုပ်ပိုင်းဆိုင်ရာအရ ဖြစ်စေ၊ လိင်ပိုင်းဆိုင်ရာအရ ဖြစ်စေ အကြမ်းဖက်မှုကို ရင်ဆိုင်နေရပြီး အမျိုးသမီး သန်း ၁၂၀ ဟာ သူတို့ရဲ့ နေ့စဉ်ဘဝတွေမှာ လိင်ပိုင်းဆိုင်ရအရ ဖိအားပေးတာတွေ ခံနေရပါတယ်။

အမျိုးသမီး သန်း ၇၀၀ ကျော်ဟာ ကလေးသူငယ်အရွယ်ထဲက လက်ထက်ထိမ်းမြားဖို့ကို ဖိအားပေးခြင်း ခံရပါတယ်။ ၁ နှစ်ကို အသက် ၁၈ နှစ်အောက် မိန်းကလေး ၁၅ သန်းဟာ အသက်မပြည့်ခင် လက်ထပ် ထိမ်းမြားခံနေရပါတယ်။

"ကျမတို့နိုင်ငံမှာ မိန်းကလေးငယ်ငယ်တွေကို လက်ထပ် ထိမ်းမြားတာတွေကို အစိုးရက ဥပဒေနဲ့ တားမြစ်ထားပေမယ့် ဘယ်သူမှ မလိုက်နာကြပါဘူး။ မိဘတွေကိုယ်တိုင်က သူကလေးကို ငယ်ငယ်နဲ့ ယောကျာင်္းပေးစားဖို့ သဘောကျကြတယ်လေ”လို့ နီပေါက မီနာက ဆက်ပြောပါတယ်။

အရွယ်မရောက်သေးသူ မိန်းကလေးငယ်တွေကို ထိမ်းမြားလက်ထပ်တာမှာ  ဘင်္ဂလားဒေ့ရှ်နိုင်ငံက ၆၇ ရာခိုင်နှုန်းနဲ့ အမြင့်ဆုံး ဖြစ်ပြီး အဲဒီနိုင်ငံတွေရဲ့ နောက်မှာတော့ အိန္ဒိယက ၄၇ ရာခိုင်နှုန်း၊ နီပေါ၊ အာဖဂန်နစ္စတန်နဲ့ လာအိုနိုင်ငံတွေ ရှိပါတယ်။

ဒါတွေကို အဆုံးသတ်စေဖို ဘယ်သူ့မှာ တာဝန်ရှိသလဲ။ အစိုးရမှာလား၊ အုပ်ချုပ်သူတွေ မှာလား၊  လူမှုအသိုင်းအဝိုင်းလား၊ အရပ်ဘက်လူ့အဖွဲ့အစည်းတွေမှာလား၊  မြန်မာနိုင်ငံက အမျိုးသမီး အခွင့်အရေးလှုပ်ရှားနေသူတဦးဖြစ်တဲ့ ဒေါ်ထားထားကတော့ “လူတဦးချင်းဆီရဲ့ ခံယူချက်နဲ့ပဲ ဆိုင်ပါတယ်။ တဦးချင်းဆီရဲ့ အမြင်တွေ ခံယူချက်တွေ ပြောင်းမှပဲ ပြောင်းနိုင်မယ်” လို့ သူ့အမြင်ကို ပြောပါတယ်။

၂၀၁၅ မှာ ကျင်းပမယ့် ဘေဂျင်းကြေညာစာတမ်း နှစ် ၂၀ ပြည့် အခမ်းအနားကို နိုင်ငံပေါင်း ၁၈၉  နိုင်ငံက အစိုးရ တာဝန်ရှိသူတွေ၊ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ၊ သတ်ဆိုင်ရာ အဖွဲ့အစည်းတွေ တက်ရောက်ကြမှာ ဖြစ်ပြီး အမျိုးသမီးတွေကို အကြမ်းဖက်မှု ဆန့်ကျင်ရေး၊ အမျိုးသမီးဘဝ မြှင့်တင်ရေးနဲ့ ကျားမတန်းတူညီမျှရေးတွေကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

"ကျမတို့အနေနဲ့  အမျိုးသမီးတွေကို အကြမ်းဖက်တာတွေနဲ့ ပတ်သက်ပြီး  သတ်ဆိုင်ရာ အစိုးရတွေဆီ တွေ့ရှိချက်တွေကို ဖော်ပြသွားမှာ ဖြစ်သလို သဘောထားတွေကိုလည်း ထုတ်ပြန် ကြေညာသွားမှာပါ။ ဒီလို စားပွဲဝိုင်းတွေပေါ်မှာ ထုတ်ပြန်ကြေညာချက်တွေက အားလုံးကို ပြောင်းလဲစေတာ မဟုတ်ပေမယ့် အစိုးရတွေအပေါ်မှာ ဒီလိုကိစ္စတွေကို သတိထားမိစေဖို့ ဖိအားပေးသွားမှာပါ”လို့  Development Alternatives with Women for a New Era (DAWN) အဖွဲ့က အမှုဆောင်အဖွဲ့ဝင် Cai Yiping ကပြောပါတယ်။

ငြိမ်းချမ်းတဲ့နိုင်ငံအဆင့် (peace country rank)အရ အာဖဂန်နစ္စတန်နိုင်ငံကတော့ အဆင့် ၁၅၇ နဲ့ ငြိမ်းချမ်းမှုအနည်းဆုံးနေရာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ အိမ်နီးချင်း  ထိုင်းနိုင်ငံကတော့ အဆင့် ၁၃၀ မှာ ရပ်တည်နေပြီး မြန်မာနိုင်ငံကတော့  အဆင့် ၁၄၀ မှာ ရှိနေတယ်။

“လူမျိုးရေးပဋိပက္ခ ဖြစ်ပွားမှုတွေ လက်နက်ကိုင်တိုက်ပွဲ ဖြစ်ပွားနေတဲ့နေရာတွေကြောင့် အမျိုးသမီးတွေနဲ့ ကလေးငယ်တွေကို ကာကွယ်ဖို့ အစိုးရအနေနဲ့ အရေးတကြီး  လုပ်ဆောင်ဖို့ လိုအပ်တယ်လို့“ ရန်ကုန်တိုင်းလွှတ်တော်အမတ် ဒေါ်ညိုညိုသင်းက ပြောပါတယ်။

မြန်မာအစိုးရအနေနဲ့ အမျိုးသမီးအခွင့်အရေးအတွက် စီစဉ်ဆောင်ရွက်တာ အားနည်း နေသေးတယ်လို့ ဆက်ပြောပါတယ်။

ဘေဂျင်းကြေညာစာတမ်း လက်မှတ်ထိုးထားတဲ့ နိုင်ငံ ၃ ပုံ ၂ ပုံဟာ  အိမ်တွင်း အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့အတွက် ဥပဒေတွေ ထုတ်ပြန်ထားပြီးပါပြီ။ ကျားမ တန်းတူညီမျှမှု ရှိဖို့နဲ့ အမျိုးသမီးတွေကို အကြမ်းဖက်မှုတွေ ရပ်တန့်နိုင်မှသာ  လူ့အခွင့်အရေးနဲ့ ငြိမ်းချမ်းရေး၊ ညီမျှရေး နဲ့ ဒီမိုကရေစီ ဖွံဖြိုးတိုးတက်ရေးကိစ္စတွေ ထိရောက်မှာ ဖြစ်ပါတယ်။

“ခုချိန်ဟာ အနှစ် ၂၀ ရှိပါပြီ။ ၂၀၁၅ မှာ အတူတူ ပူးပေါင်းပြီး လိင်ခွဲခြားမှုတွေကို အဆုံးသတ်ကြပါစို့ အခုချိန်ကစပြီးတော့ အမျိုးသမီးတွေကို အကြမ်းဖက်မှုတွေကို အဆုံးသတ်ကြပါစို့" လို့ ကုလသမဂ္ဂ အမျိုးသမီးများအဖွဲ့ အမှုဆောင်အရာရှိချုပ် Phumzile Mlambo-Ngcuka က တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013