DVB Logo
Home
မြန်မာသတင်း
ရခိုင်တွင် ကိုယ်ဝန်ဆောင်နှင့် ကလေးငယ်များ ကာကွယ်ဆေးထိုးခွင့်မရ
DVB
·
July 30, 2025
ရခိုင်တွင် ကိုယ်ဝန်ဆောင်နှင့် ကလေးငယ်များ ကာကွယ်ဆေးထိုးခွင့်မရ
Donate to DVB

ရခိုင်ပြည်နယ်ရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ မြို့နယ် ၁၄ မြို့နယ်နဲ့ ပလက်ဝမြို့နယ်တို့က ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ အသက် ၅ နှစ်အောက် ကလေးငယ်တွေမှာ ပိုလီယိုကာကွယ်ဆေးနဲ့ အသည်းရောင်အသားဝါ ဘီပိုး ကာကွယ်ဆေး အပါအဝင် ကလေးငယ်တွေထိုးရမယ့် ကာကွယ်ဆေးတွေကို ထိုးနှံခွင့်မရဘဲ ဖြစ်နေကြတယ်လို့ ကိုယ်ဝန်ဆောင်တွေနဲ့ ကလေးငယ် မိခင်တွေက ပြောပါတယ်။

ရခိုင်ပြည်နယ် ၁၄ မြို့နယ်နဲ့ ပလက်ဝမြို့နယ်တို့မှာ ၂၀၂၄ ခုနှစ်ကတည်းက ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးငယ်တွေ ကာကွယ်ဆေးထိုးနှံခွင့် မရရှိကြတာဖြစ်ပြီး ပြင်ပဆေးဆိုင်တွေမှာလည်း ဝယ်မရဘူးလို့ မြောက်ဦးမြို့နယ်က ကလေးမိခင်တယောက်က ပြောပါတယ်။

“ကလေးငယ်တွေအတွက် ဘာကာကွယ်ဆေးမှ မထိုးကြရသေးဘူး။ ကလေးက အခု ၂ နှစ်အရွယ် ဖြစ်နေပြီ။ ကာကွယ်ဆေးတွေ မထိုးရသေးတော့ စိုးရိမ်မှုတွေ ရှိကြတယ်။ ဆေးရုံဆေးခန်းတွေမှာ သွားစုံစမ်းရင်လည်း ဆေးမရှိဘူးဆိုပြီးတော့ ပြောတယ်။ ပြင်ပဆေးဆိုင်တွေမှာလည်း ဆေးက ဝယ်ယူလို့မရဘူး။ ကျန်းမာရေးဌာနအနေနဲ့ ကလေးငယ်တွေရဲ့ ကာကွယ်ဆေးနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ကာကွယ်ဆေးတွေကို ပုံမှန်ထိုးပေးနိုင်အောင် စီစဉ်ပေးစေချင်တယ်။ အခမဲ့မဟုတ်ရင်တောင် တန်ရာတန်ကြေးတခု ပေးရရ အစိုးရဘက်က စီစဉ်ပေးစေချင်တယ်။”

အသက် ၅ နှစ်အောက် ကလေးငယ်တွေကို ဝက်သက်၊ ဆုံဆို့၊ ကြက်ညှာ၊‌ မေးခိုင်၊ ဂျပန်ဦးနှောက်ရောင်၊ ပိုလီယို စတဲ့ ကာကွယ်ဆေးတွေကို လအလိုက် ထိုးနှံပေးကြရတာဖြစ်ပြီး ကိုယ်ဝန်ဆောင်မိခင်တွေကိုလည်း ကလေးငယ်တွေကို ကာကွယ်ဖို့အတွက် လိုအပ်တဲ့ ကာကွယ်ဆေးတွေ ထိုးနှံကြရတာလည်း ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလကတည်းက စစ်ကောင်စီက ဆေးဝါးတင်သွင်းခွင့် လုံးဝတင်းကျပ်ထားတာဖြစ်ပြီး လက်ရှိ ရခိုင်ပြည်အတွက် ဆေးဝါးတွေကို အိန္ဒိယနိုင်ငံဘက်က တင်သွင်းနေကြရတာလည်း ဖြစ်ပါတယ်။

လက်ရှိ ရခိုင်ပြည်က ဆေးရုံတွေမှာ ဆေးဝါးတွေကို ပြင်ပဆေးဆိုင်တွေက ဝယ်ယူပြီး ကုသနေကြရတာ ဖြစ်ပါတယ်။

လက်ရှိ ရခိုင်က ကိုယ်ဝန်ဆောင်မိခင်တွေမှာ ကာကွယ်ဆေးထိုးနှံနိုင်မှု မရှိတဲ့အတွက် ကိုယ်ဝန်ပျက်ကျမှုတွေ မြင့်တက်လာနေတယ်လို့ ဘူးသီးတောင်မြို့နယ်က ကျန်းမာရေးဌာနနဲ့ နီးစပ်သူ အမျိုးသမီးတယောက်က ပြောပါတယ်။

“ဘူးသီးတောင်ဘက်မှာတော့ ကိုယ်ဝန်ဆောင်တွေရော ကလေးငယ်တွေပါ ကာကွယ်ဆေး ထိုးပေးနိုင်တာမျိုး မရှိသေးဘူး။ ကာကွယ်ဆေး မထိုးပေးနိုင်ကြတာကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေ ကိုယ်ဝန်ပျက်ကျတာတွေ၊ ကလေးအသေမွေးဖွားတာတွေ ရှိလာကြတယ်။ ကလေးတွေအတွက်လည်း ကာကွယ်ဆေးမထိုးပေးနိုင်တော့ စိုးရိမ်စရာတွေရှိတယ်။”

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ စတင်ဖြစ်ပွားတဲ့ ၂၀၂၃ ခုနှစ်ကတည်းက စစ်ကောင်စီက ဆေးရုံတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်လာကြောင့် ဆေးရုံ၊ ဆေးခန်းတွေကို ရွှေ့ပြောင်းပြီး ကုသနေကြရတာလည်း ဖြစ်ပါတယ်။

ရခိုင်မှာ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာနေကြရတဲ့ စစ်ဘေးရှောင်စခန်းက စစ်ရှောင်ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေမှာလည်း ကာကွယ်ဆေး မထိုးကြရတဲ့အပြင် အာဟာရချို့တဲ့မှုဒဏ်တွေကိုပါ တပြိုင်နက်တည်း ရင်ဆိုင်နေကြရတာလည်း ဖြစ်ပါတယ်။

အရင်တုန်းက ကလေးကာကွယ်ဆေးနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ကာကွယ်ဆေးကို UNICEF က အခမဲ့ထောက်ပံ့ပေးခဲ့ပြီး နိုင်ငံတဝန်း တိုက်ပွဲတွေကြောင့် ကလေးငယ် ၁ သန်းကျော် ကာကွယ်ဆေးထိုးနိုင်ခြင်း မရှိသေးဘူးလို့ UNICEF Myanmar က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013