
ပဋိပက္ခတွေ၊ ရာသီဥတုဖောက်ပြန်မှုနဲ့ စီးပွားရေးကပ်ဘေးတွေကြောင့် ကမ္ဘာ့နေရာ အများအပြားမှာ ငတ်မွတ်မှု ဆက်ဖြစ်နေလို့ စားနပ်ရိက္ခာ မဖူလုံတာကို ကိုင်တွယ်ဖြေရှင်းရေး ဖွံ့ဖြိုးရေးဘဏ္ဍာငွေ တောင်းခံဖို့ ကုလသမဂ္ဂ စားနပ်ရိက္ခာထိပ်သီးအစည်းအဝေးမှာ တက်ရောက်နေတဲ့ ခေါင်းဆောင်တွေက ပြောပါတယ်။
အီသီယိုးပီးယားနိုင်ငံမှာ ဇူလိုင် ၂၈ ရက်က ကျင်းပတဲ့ ဒီအစည်းအဝေးမှာ အီသီယိုးပီးယား ဝန်ကြီးချုပ် အာဘီယာအာမဒ်က အဖွင့်အမှာ စကားပြောကြားရာမှာ “အာဖရိကဟာ သူ့ဘာသာသူ ကျွေးမွေးနိုင်ပြီး ကမ္ဘာကြီးကို ကျွေးမွေးဖို့ ကူညီပေးပါတယ်” လို့ ပြောပါတယ်။
ဒါပေမဲ့ ပထမအချက်က ဖွံ့ဖြိုးရေးဆိုင်ရာ ဘဏ္ဍာရေး လိုအပ်တယ်လို့ သူကပြောပါတယ်။
အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီက စားနပ်ရိက္ခာ မဖူလုံမှုဟာ နိုင်ငံရေးနဲ့ စီးပွားရေး စိန်ခေါ်မှုအဖြစ် ဖော်ပြခဲ့ပြီး ဆင်းရဲမွဲတေမှု၊ ပဋိပက္ခနဲ့ အတင်းအကျပ် ရွှေ့ပြောင်းနေထိုင်ရတာတွေကို ဖြစ်ပေါ်စေတယ်လို့ သတိပေးခဲ့ပါတယ်။
အီတလီဝန်ကြီးချုပ်က “လူတွေက စားနပ်ရိက္ခာ မလုံလောက်လို့ ဒါမှမဟုတ် ထုတ်လုပ်ဖို့ နည်းလမ်းတွေ ဆုံးရှုံးတဲ့အခါ အကျိုးဆက်တွေက ကပ်ဘေးဖြစ်နိုင်တယ်ဆိုတာ ကျမတို့ ကောင်းကောင်းသိပါတယ်” လို့ ပြောပါတယ်။
ထိပ်သီးအစည်းအဝေးဟာ ကမ္ဘာ့စားနပ်ရိက္ခာ ဖူလုံရေးနဲ့ အာဟာရဆိုင်ရာ ကမ္ဘာ့နိုင်ငံတော် အစီရင်ခံစာကို ကုလသမဂ္ဂအေဂျင်စီ ၅ ခုတို့ ပူးပေါင်းပြင်ဆင် ထုတ်ပြန်ချိန်နဲ့ တိုက်ဆိုင်နေပါတယ်။
၂၀၂၄ မှာ ဆာလောင်မွတ်သိပ်သူဦးရေဟာ တတိယမြောက်နှစ်အဖြစ် ဆက်တိုက်ကျဆင်းခဲ့ပြီး လူပေါင်း ၆၇၃ သန်း ဒါမှမဟုတ် ကမ္ဘာ့လူဦးရေရဲ့ ၈ ဒသမ ၂ ရာခိုင်နှုန်းဟာ ရေရှည် အာဟာရချို့တဲ့မှုကို ခံစားနေရတယ်လို့ အစီရင်ခံစာက ဖော်ပြထားပါတယ်။
၂၀၂၃ ခုနှစ်မှာ ၈ ဒသမ ၅ ရာခိုင်နှုန်းကနေ ကျဆင်းသွားခဲ့တာလို့ အစီရင်ခံစာက ဖော်ပြပါတယ်။
စားနပ်ရိက္ခာ အကျပ်အတည်းအတွင်း နိုင်ငံအများအပြားဟာ နက်ရှိုင်းတဲ့ ငွေကြေးဆိုင်ရာ ဖိစီးမှုတွေ၊ စျေးကွက်တွေဆီ ဝင်ရောက်ခွင့် အကန့်အသတ်တွေနဲ့ ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) က စီးပွားရေးပညာရှင်ချုပ် မက်ဆီမို တိုရေရိုက ပြောပါတယ်။
ဒါက သွင်းကုန် ကုန်ကျစရိတ်ကို မြင့်တက်စေပြီး အရည်အသွေးမီ အစားအစာရရှိမှုကို လျှော့ချနိုင်တယ်လို့လည်း ပြောပါတယ်။
“ပဋိပက္ခတွေ ဆက်ကြီးထွားနေမယ်ဆိုရင် အရေအတွက်တွေ ထပ်ပြီး တိုးလာလိမ့်မယ်” လို့လည်း သူက သတိပေးပါတယ်။
ပဋိပက္ခတွေဟာ ဆက်ငတ်မွတ်နေစေပြီး စားနပ်ရိက္ခာ မဖူလုံမှုဟာ ငြိမ်းချမ်းရေးကို ထိခိုက်စေတယ်လို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ထိပ်သီးအစည်းအဝေးအတွက် ဗီဒီယိုမက်ဆေ့ချ်ကနေ သတိပေးခဲ့ပါတယ်။
အာဖရိကမှာ ၂၀၂၄ ခုနှစ်မှာ လူ ၃၀၇ သန်းကျော်ဟာ ကာလတာရှည် အာဟာရချို့တဲ့နေခဲ့တာပါ။ လက်ရှိ ခေတ်ရေစီးကြောင်းအတိုင်း ဆက်ရှိနေရင် ဒီအရေအတွက်က ၂၀၃၀ မှာ သန်း ၅၀၀ အထိ တိုးလာနိုင်ပြီး ကမ္ဘာ့ဆာလောင်မွတ်သိပ်မှုရဲ့ ၆၀ ရာခိုင်နှုန်းနီးပါး ရှိလာမယ်လို့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
Source: Reuters











