
မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်ထွန်းနဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိုက်တို့ ၂ ယောက်ကို စစ်ခေါင်းဆောင်က ဇွန်လအတွင်းက ရာထူးက ထုတ်ပယ်လိုက်ပါတယ်။
မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် မန္တလေးတက္ကသိုလ် ပင်မဆောင်မှာ ရောက်ရှိနေတဲ့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အဖြေလွှာတွေ မီးလောင်ခဲ့တဲ့ကိစ္စနဲ့ ပါမောက္ခချုပ် ဒေါက်တာတင်ထွန်းကို ရာထူးက ထုတ်ပယ်လိုက်တာလို့ ပညာရေးဝန်ထမ်းတယောက်က DVB ကို ပြောပါတယ်။
“အဖြေလွှာတွေ မီးလောင်တဲ့ကိစ္စနဲ့ ပါမောက္ခချုပ်ကို စစ်နေတာ ကြာပြီ။ ဇွန်လ ၂၃ ရက်ကမှ စစ်တပ်က စီမံခန့်ခွဲမှု ညံ့ဖျင်းလို့ဆိုပြီး ရာထူးက ထုတ်လိုက်တာ။ သူ့ကြောင့် ကလေးတွေ အများကြီး နစ်နာသွားတယ်။”
ရာထူးကနေ ထုတ်ပယ်လိုက်တဲ့ ပါမောက္ခချုပ် ဒေါက်တာတင်ထွန်းကို စစ်တပ်က အာဏာသိမ်းပြီးနောက် မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသိန်းဝင်း နေရာမှာ ၂၀၂၁ ခုနှစ် မတ် ၂ ရက်စပြီး ခန့်ခဲ့တာဖြစ်ပါတယ်။
အလားတူ ၂၀၂၅ ခုနှစ် မေ ၃၀ ရက်က အဂတိပုဒ်မ ၅၆ နဲ့ ထောင် ၃ နှစ် ကျသွားတဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှုးချုပ် ဦးဝင်းထိုက် ကိုလည်း စစ်ကောင်စီက ရာထူးက ထုတ်ပယ်လိုက်ကြောင်း ဝန်ထမ်းတယောက်က ပြောပါတယ်။
“အဂတိအမှုနဲ့ စစ်နေတုန်း ရာထူးက မထုတ်သေးဘူး။ အမိန့်ချပြီးမှ ထုတ်လိုက်တာ၊ မေလထဲမှာ၊ အဲဒီနေ့က သူတယောက်တည်း အမိန့်ချတာ မဟုတ်ဘူး။ ဒုဝန်ကြီး ဦးမောင်မောင်ဝင်း၊ ဗဟိုဘဏ်က ညွှန်ချုပ် ဦးမင်းဟန်စိုးနဲ့ ၃ ယောက် အမိန့်ချတာ။ အဂတိပုဒ်မ ၅၆ နဲ့ ၃ နှစ်စီ။ အမှုတွဲက MBT ဘဏ်က ဒေါ်ကေသီကိစ္စ။”
လာဘ်စားမှုကြောင့် ထောင် ၃ နှစ် ကျသွားတဲ့ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိုက်ကို စစ်ကောင်စီက ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၆ ရက်မှာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်အဖြစ် ခန့်ခဲ့တာ ဖြစ်ပါတယ်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ်အတွင်းက အဂတိလိုက်စားမှုကြောင့် အရေးယူခဲ့တဲ့ နိုင်ငံဝန်ထမ်း ၃,၀၃၀ ရှိပြီး အဲဒီထဲမှာ အရာရှိကြီးတွေ အဆင့်မြင့် အရာရှိတွေနဲ့ အမှုထမ်း၊ အရာထမ်းတွေ ပါဝင်တယ်လို့ သိရပါတယ်။











