DVB Logo
Home
နိုင်ငံတကာ
ထရမ့်ပ် ဖိအားကြောင့် ထိုင်း-ကမ္ဘောဒီးယား ခေါင်းဆောင် ၂ ဦး မလေးရှားတွင် တွေ့ဆုံဆွေးနွေးမည်
DVB
·
July 28, 2025
ထရမ့်ပ် ဖိအားကြောင့် ထိုင်း-ကမ္ဘောဒီးယား ခေါင်းဆောင် ၂ ဦး မလေးရှားတွင် တွေ့ဆုံဆွေးနွေးမည်
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ထိုင်း-ကမ္ဘောဒီးယား အပစ်အခတ်ရပ်စဲရေးအတွက် စည်းကြပ်ခွန်ကို ခြိမ်းခြောက်မှုအဖြစ် အသုံးချ ဖိအားပေးခဲ့အပြီးမှာ နှစ်နိုင်ငံ ခေါင်းဆောင်တွေဟာ မလေးရှားနိုင်ငံမှာ ဒီကနေ့ ဇူလိုင် ၂၈ ရက်မှာ တွေ့ဆုံဆွေးနွေးမှာဖြစ်တယ်လို့ ဘန်ကောက်ပို့စ်သတင်းစာက ဖော်ပြပါတယ်။

ထိုင်းယာယီဝန်ကြီးချုပ် ဖူထမ်ဝိချာယာချိုင်းနဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်တို့ဟာ ကွာလာလမ်ပူမြို့မှာ ဒေသစံတော်ချိန် ညနေ ၃ နာရီမှာ တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ ထိုင်းအစိုးရ ပြောခွင့်ရပုဂ္ဂိုလ်က အတည်ပြုပါတယ်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်ရဲ့ ရုံးခန်းမှာ ဆွေးနွေးပွဲပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။

စနေနေ့တုန်းက ထရမ့်ပ်ဟာ နှစ်နိုင်ငံဝန်ကြီးချုပ်တွေကို သီးခြားစီ ဖုန်းခေါ်ဆိုခဲ့ပြီး  တိုက်ပွဲတွေ ဆက်ဖြစ်နေသမျှ ဝါရှင်တန်ဟာ ၂ နိုင်ငံစလုံးနဲ့ ကုန်သွယ်ရေးသဘောတူညီချက် လုပ်မှာမဟုတ်ဘူးလို့ ဖိအားပေးခဲ့တာ ဖြစ်ပါတယ်။

ဒီခြိမ်းခြောက်မှုကြောင့် တနင်္ဂနွေနေ့မှာ သံတမန်ရေးညှိနှိုင်းမှုတွေ တိုးတက်လာခဲ့ပြီး နောက်ဆုံးမှာတော့ မလေးရှားဝန်ကြီးချုပ်ရဲ့ ကြားဝင်မှု အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့က ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာဗွန်ဒါလေယန်နဲ့ မတွေ့ဆုံခင် သတင်းထောက်တွေကို ပြောကြားရာမှာ ထရမ့်ပ်က ခေါင်းဆောင် ၂ ယောက်နဲ့ ဖုန်းပြောခဲ့တာကို အတည်ပြုခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်ပ်က “ဝန်ကြီးချုပ် တယောက်ချင်းစီကို ဖုန်းခေါ်ပြီး ‘ခင်ဗျားတို့ စစ်ပွဲကို မရပ်မချင်း ကျုပ်တို့ ကုန်သွယ်ရေး သဘောတူညီချက် လုပ်မှာမဟုတ်ဘူး’။ လူတွေအများကြီး သေပြီးပြီလို့ ကျုပ်ပြောခဲ့တယ်။ ဖုန်းချလိုက်တဲ့အချိန်မှာတော့ သူတို့ အခု ငြိမ်းချမ်းရေးယူချင်နေကြပြီလို့ ထင်ပါတယ်” လို့ ပြန်ပြောပြပါတယ်။

သြဂုတ် ၁ ရက် စတင်မယ့် ထရမ့်ပ်ရဲ့ စည်းကြပ်ခွန် နောက်ဆုံးသတ်မှတ်ရက် နီးကပ်လာတာနဲ့အမျှ ကုန်သွယ်ရေးကို မှီခိုနေရတဲ့ ထိုင်းနိုင်ငံအနေနဲ့ အမေရိကန်သမ္မတကို ဆန့်ကျင်ဖို့ ခက်ခဲမှာ ဖြစ်ပါတယ်။

ထိုင်းပို့ကုန်တွေအပါ် ၃၆ ရာခိုင်နှုန်း အခွန်စည်းကြပ်ဖို့ မူလသတ်မှတ်ချက်ကနေ လျှော့ချဖို့ ထိုင်းအရာရှိတွေ ဆွေးနွေးနေတဲ့အချိန်လည်း ဖြစ်ပါတယ်။

ထရမ့်ပ်ဟာ ဒီနှစ်အစောပိုင်းလည်းက အိန္ဒိယနဲ့ ပါကစ္စတန်ကြား နယ်စပ်တိုက်ခိုက်မှုတွေကို ကုန်သွယ်ရေးဆိုင်ရာ ဖိအားပေးမှုတွေသုံးပြီး ရပ်တန့်အောင် ကူညီခဲ့တယ်လို့ ဂုဏ်ယူပြောဆိုခဲ့ဖူး ပါတယ်။

အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်တို့ကတော့ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေထဲမှာ  အမေရိကန်နဲ့ ကုန်သွယ်ရေးသဘောတူညီချက်တွေ ရရှိထားပြီး ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013