DVB Logo
Home
မြန်မာသတင်း
လေကြောင်းရန်ကြောင့် ရေလည်မော်ဆိပ်ကမ်းကို ပြန်မဖွင့်ရန် ဒေသခံများ ဆန္ဒပြ
DVB
·
July 28, 2025
လေကြောင်းရန်ကြောင့် ရေလည်မော်ဆိပ်ကမ်းကို ပြန်မဖွင့်ရန် ဒေသခံများ ဆန္ဒပြ
Donate to DVB

စစ်ကောင်စီတပ်ရဲ့ မကြာခဏ ဗုံးကြဲတိုက်ခိုက်တာ ခံနေရတဲ့ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ထဲက ရေလည်မော်ဆိပ်ကမ်းကို လေကြောင်းရန်ကြောင့် ပြန်မဖွင့်ဖို့ ဇူလိုင် ၂၇ ရက် မနက်ပိုင်းမှာ ဒေသခံတွေ စုပေါင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဝက်လက်မြို့နယ်အခြေစိုက် တော်လှန်ရေးရဲဘော်တယောက်က “ရေလည်မော်ဆိပ်ကမ်းနဲ့ ရေလည်မော်ရွာက နီးနီးလေး ကပ်လို့ပါ။ အဲဒီနယ်မြေက ကျနော်တို့ စိုးမိုးနယ်မြေတော့ မဟုတ်ဘူး။ အဲဒီနယ်မြေရဲ့ တပ်ရင်းတရင်းနဲ့ ရပ်ကျေး ပကဖတွေက ဆိပ်ကမ်းပြန်ဖွင့်ဖို့ လုပ်နေတာကို ဒေသခံတွေ လက်မခံလို့ ဆိပ်ကမ်းပြန်မဖွင့်ဖို့ ဦးတည်ပြီး ဆန္ဒပြကြတာ။ ဘာဖြစ်လို့ ဆန္ဒပြတာလဲဆိုတော့ စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်တဲ့ရန်ကို ကြောက်လို့လို့ သိရတယ်။ ဆိပ်ကမ်းကရတဲ့ အခွန်အခတွေကတော့ နယ်မြေခံ ပကဖတွေ ယူကြတာ။ တပ်ရင်းရန်ပုံငွေအဖြစ်ပေါ့။ ကျနော်တို့အမြင်ကတော့ဗျာ ​နယ်မြေခံတပ်ရင်းတွေ အနေနဲ့ကလည်း ကိုယ့်တပ်ရင်းရန်ပုံငွေရဖို့ တခုတည်းတင် ကြည့်ပြီး ပြည်သူ လက်မခံတာကို ဇွတ်လုပ်ဖို့တော့ မသင့်ဘူးလို့ မြင်တယ်” လို့ ပြောပါတယ်။

အဆိုပါ ရေလယ်မော်ဆိပ်ကမ်းဟာ ဝက်လက်မြို့နယ် အရှေ့ခြမ်းမှာရှိပြီး စဥ့်ကူးနဲ့ မိုးကုတ်မြို့တွေကို ​ရေကြောင်းကနေ ကုန်သွယ်နေတဲ့ ဆိပ်ကမ်းတခု ဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ​ရေလည်မော်ကျေးရွာကို ဇူလိုင် ၁၁ ရက် မနက်ပိုင်းမှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့လို့ ပြည်သူတယောက် သေဆုံးခဲ့ရပြီး ကလေးသူငယ်တချို့ ထိခိုက်ဒဏ်ရာရခဲ့ကြသလို ဇူလိုင် ၁၇ ရက်ကလည်း ရေလည်မော်ကျေးရွာ အပါအဝင် အနီးအနား ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူ ၁၅ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။

ဒါ့ကြောင့် ဒေသခံပြည်သူတွေအနေနဲ့ နောက်ထပ် ​လေကြောင်းတိုက်ခိုက်ခံရမှာကို စိုးရိမ်ကြတဲ့အတွက် ဆိပ်ကမ်းပြန်လည်မဖွင့်လှစ်ဖို့ အခုလို ဆန္ဒထုတ်ဖော်ကြတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက “အဲဒီကိစ္စကို ကျနော်တို့ဘက်ကလည်း သေချာစုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွားမှာပါ။ ပြည်သူ လက်မခံတဲ့အလုပ်ကို လုပ်ရင် အာဏာရှင်ပဲလေ။ ကျနော်တို့က အာဏာရှင်ကို တိုက်နေတဲ့အချိန်မှာ တော်လှန်ရေးအဖွဲ့တွေဘက်ကလည်း ပြည်သူ လက်မခံတဲ့ကိစ္စကို အာဏာရှင်ဆန်ဆန် ​လုပ်ဆောင်မယ်ဆိုရင်တော့ ကျနော်တို့လည်း လက်မခံပါဘူးဗျ” လို့ ပြောပါတယ်။

ရေလည်မော်ဆိပ်ကမ်းကို ပြန်လည်ဖွင့်လှစ်ဖို့ ဆောင်ရွက်နေကြတဲ့အဖွဲ့တွေဟာ ရွှေဘိုခရိုင် ပကဖ အမှတ် ၂ တပ်ရင်းနဲ့ ရပ်ကျေး ပကဖတွေ ဖြစ်ကြပြီး အဆိုပါဖြစ်စဥ်နဲ့ပတ်သက်ပြီး ရွှေဘိုခရိုင် ပကဖ အမှတ် ၂ တပ်ရင်းဆီကို ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းနဲ့ အင်တာနက်လိုင်း အခက်အခဲကြောင့် ဆက်သွယ်လို့ မရရှိခဲ့ပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013