
ဒီကနေ့ ဇူလိုင် ၂၇ ရက်နေ့ နေ့လယ် ၁၁ နာရီ ၄၅ မိနစ်လောက်က မန္တလေးတိုင်း စဉ့်ကူးမြို့အနီး မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်ချ်တာစကေး ၄.၅ အဆင့်ရှိတဲ့ ငလျင်တခု လှုပ်ခတ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM) က သတင်းထုတ်ပြန်ထားပါတယ်။
စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ခဲ့တာ ဇူလိုင် ၂၈ ရက်နေ့မှာ ၄ လပြည့်တော့မှာဖြစ်ပြီး နောက်ဆက်တွဲ ငလျင်တွေ လှုပ်ခတ်နေဆဲ အခြေအနေဖြစ်သလို ပြင်းအား အဆင့် ၄ ကျော်တဲ့ ငလျင်တွေဟာ ဒီဇူလိုင်လထဲမှာပဲ ခပ်စိပ်စိပ် လှုပ်ခတ်နေတာဖြစ်တဲ့အတွက် ငလျင်သင့်ပြည်သူတွေအကြား စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။
ငလျင်ပညာရှင်တွေရဲ့ ပြောကြားချက်အရတော့ ငလျင်ကြီးတခု လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲငလျင်တွေဟာ တနှစ်ကျော်တဲ့အထိ လှုပ်ခတ်နိုင်တယ်လို့လည်း သိရပါတယ်။










