
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ တလိုင်းတောင်ကျေးရွာကို စစ်အာဏာရှင်တပ်က ဩဂုတ် ၈ ရက် ညမှာ လေကြောင်းမှ ဗုံ;ကြဲတဲ့အတွက် ဒေသခံ ၂ ယောက် သေဆုံး၊ ၃ ယောက် ဒဏ်ရာရရှိပြီး ကား ၅ စီး ပျက်စီးဆုံးရှုံးသွားတယ်လို့ အာရက္ခတပ်တော် (AA) က ထုတ်ပြန်ပါတယ်။
ဗုံးထိမှန်လို့ သေဆုံးသွားတဲ့သူတွေကတော့ အသက် ၆၇ နှစ်အရွယ် ဒေါ်မလေးငယ်နဲ့ အသက် ၂၃ နှစ်အရွယ် မောင်ဉာဏ် တို့ ဖြစ်ပါတယ်။
ဒဏ်ရာရသွားတဲ့သူကတော့ အသက် ၃၀ အရွယ် ဒေါ်စိုးနန္ဒာလှိုင်၊ အသက် ၁၈ နှစ်အရွယ် မောင်ထွန်းထွန်းဝင်းနဲ့ အသက် ၇ နှစ်အရွယ် မပိုးဥပိုင် တို့ဖြစ်ပြီး ဒေါ်စိုးနန္ဒာလှိုင်မှာ ပြင်းထန်ဒဏ်ရာရရှိထားတယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်အာဏာရှင်တပ်က ဩဂုတ် ၈ ရက်၊ ည ၉ နာရီခွဲအချိန်မှာ အမ်းမြို့နယ်၊ တလိုင်းတောင်ကျေးရွာကို ဂျက်ဖိုက်တာ တစီးနဲ့ ဗုံး ၂ လုံး ကြဲချ တိုက်ခိုက်ခဲ့တာလို့ တလိုင်းတောင်ဒေသခံတယောက်က ပြောပါတယ်။
“လုံးဝကို မထင်ထားဘဲ လာချတာပါ။ ကားဝပ်ရှော့လုပ်တဲ့သူတွေနေတဲ့ အိမ်နားကို ကျသွားတာ။ အဲဒီမှာနေတဲ့ မိသားစုနဲ့ ဝပ်ရှော့လုပ်တဲ့ အလုပ်သမားတွေ ထိသွားတာ။ နှစ်ယောက်က ပွဲချင်းပြီး သေတယ်။ ၃ ယောက် ပြင်းထန်ဒဏ်ရာရတယ်။ အမျိုးသမီးတယောက်က စိုးရိမ်ရတဲ့ အနေအထားရှိတယ်။”
စစ်အာဏာရှင်တပ်ဟာ ရခိုင်-မကွေးရိုးပေါ်က နတ်ရေကန်ဘက်ကို ဂျက်ဖိုက်တာ အုပ်စုလိုက်နဲ့ ဗုံးကြဲချရုံသာမက အမ်းမြို့နယ်ဘက်ကိုလည်း အခုလို ဗုံးလာကြဲခဲ့တာလို့ အမ်းဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“နတ်ရေကန် တောင်ဘက်ကိုလည်း နေ့တိုင်းလိုလို ဗုံးကြဲတယ်။ မနေ့ညကဆိုရင် အမ်းမြို့နယ်ထဲကို လာကြဲတာ။ ကျနော်တို့နဲ့နီးလို့ အသံကြားလိုက်ရတယ်။”
ဗုံးကြောင့် လူတွေ ထိခိုက်သေဆုံးဒဏ်ရာရရှိရုံသာမက ကားဝပ်ရှော့အတွင်းက ကား ၅ စီးလည်း ပျက်စီးသွားတယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဗုံးထိမှန်ခဲ့တဲ့ နေအိမ်ဟာ ကိုအောင်ပိုင်ရဲ့ နေအိမ်ဖြစ်ပြီး အသက် ၆၇ နှစ်အရွယ် မိခင် ဒေါ်မလေးငယ်နဲ့ ကားဝပ်ရှော့ အလုပ်သမားဖြစ်သူ အမျိုးသားတယောက် အခင်းဖြစ်နေရာမှာ သေဆုံးခဲ့သလို သူ့ရဲ့ဇနီးနဲ့သမီး အပါအဝင် အလုပ်သမားတယောက်မှာ ပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့ AA ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။










