
အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ ဥတာပရာဒက်ရှ်ပြည်နယ်ရှိ ဂါးဇီးယာဘာ့ဒ်မြို့မှာ တရားမဝင် သံရုံးအတု တခုကို လည်ပတ်လုပ်ကိုင်နေတယ်လို့ စွပ်စွဲခံထားရတဲ့ အမျိုးသားတယောက်ကို ရဲတပ်ဖွဲ့က ဇူလိုင် ၂၂ ရက်မှာ ဖမ်းဆီးခဲ့ပါတယ်။
အူတာပရာဒက်ရှ်ပြည်နယ်၊ နွိုက်ဒါမြို့ ရဲတပ်ဖွဲ့ရဲ့ အထူးတပ်ဖွဲ့ဟာ ဂါးဇီးယာဘာ့ဒ်မြို့မှ ကာဗီနာဂါး ရပ်ကွက်မှာ နေထိုင်သူ ဟာ့ရှ်ဗာဒန်ဂျိုင်းကို တရားမဝင်သံရုံးလည်ပတ်မှုနဲ့ ဖမ်းဆီးထားပြီး သူ့ဆီကနေ ပစ္စည်းအများအပြားကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဥတာပရာဒက်ရှ် အထူးတပ်ဖွဲ့ အကြီးတန်းရဲအရာရှိ ဆူရှီးလ်ဂူးလေး က ပြောပါတယ်။
အဲဒီအမျိုးသားဟာ Westarctica ၊ Seborga ၊ Paulovia နဲ့ Ladonia စသဖြင့် သံသယဖြစ်စရာ နာမည်တွေရှိတဲ့ နိုင်ငံတွေရဲ့ သံအမတ် အဖြစ် အယောင်ဆောင်ခဲ့ပြီး ကာဗီနာဂါးရပ်ကွက်မှာ အိမ်တလုံး ငှားရမ်းပြီးတော့ တရားမဝင်လုပ်ငန်းတွေကို လည်ပတ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
သူဟာ နာမည်ကြီး လူသိများတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဓာတ်ပုံတွေနဲ့အတူ တည်းဖြတ်ပြုပြင် ဖန်တီးထားတဲ့ ပုံတွေအများကြီးကို အသုံးပြုပြီးတော့ လူတွေဆီကနေ ကော်မရှင်ငွေကြေး လိမ်လည်ကောက်ခံဖို့ လုပ်ခဲ့တယ် လို့လည်း ဆိုပါတယ်။ သူ့ဆီကနေ သံတမန်ကားနံပါတ်ပြား အတုတွေ အပါအဝင် ပစ္စည်းအများအပြားကို ရဲတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့ပါတယ်။
Source:Reuters











