
ဘီးလင်းမြစ်ရေ မြင့်တက်လာတာကြောင့် ဘီးလင်းမြို့နယ်မှာ ရေဘေးကယ်ဆယ်ရေးစခန်း ၈ ခု ဖွင့်ထားပြီး လူ ၂,၀၀၀ ကျော် ရေဘေးရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မိုးသည်းသည်းထန်ထန်ရွာတာနဲ့ တောင်ကျရေကြောင့် ဇူလိုင် ၂၅ ရက်နေ့မှာ ဘီးလင်းမြစ်ရေဟာ ၁၀၁၄ စင်တီမီတာအထိရောက်ရှိခဲ့ပြီး စိုးရိမ်ရေမှတ်က ၁၀၂၂ စင်တီမီတာ ဖြစ်တဲ့အတွက်ကြောင့် ကယ်ဆယ်ရေးစခန်းတွေ ဖွင့်ထားရတာလို့ ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေသူတယောက်က DVB ကိုပြောပါတယ်။
“မြို့ပေါ်က အမှတ် ၄၊ ၆၊ ၇၊ ၈ ရပ်ကွက်တွေနဲ့ ကျေးရွာပေါင်း ၂၀ လောက်မှာ ရေအမြင့် ၈ ပေကနေ ၁၀ အထိမြင့်တက်လာလို့ အရေးပေါ်ကယ်ဆယ်ရေးစခန်း ၈ ခုကိုဖွင့်လှစ်ရတာပါ။ လူဦးရေ ၁၀,၀၀၀ ကျော်လောက် ရေဘေးသင့်ထားပါတယ်။ ယာယီကယ်ဆယ်ရေးစခန်းမှာတော့ လူပေါင်း ၂,၀၀၀ ကျော်လောက်ရောက်ရှိနေပါပြီ”
ရေဘေးယာယီကယ်ဆယ်ရေးစခန်းမှာ အိမ်ထောင်စုပေါင်း ၅၆၇ စု လောက်က ရေဘေးသင့်သူ ၂၁၂၉ ယောက်ကို ရွှေ့ပြောင်းနေရာချထားပေးတယ်လို့ သိရပါတယ်။
မိုးလေဝသနဲ့ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ ဇူလိုင် ၂၆ ရက် မနက် ၁၀ နာရီခွဲအချိန် ထုတ်ပြန်ချက်တွေအရ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်မိုးကြီးနိုင်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း ဘီးလင်းမြစ်ရေ ၃ ကြိမ်ကြီးခဲ့ပြီး လူပေါင်း ၇ သောင်းကျော် ရေဘေးသင့်ခဲ့ရတယ်လို့ လူမှုကယ်ဆယ်ရေးလုပ်ကိုင်သူတွေဆီက သိရပါတယ်။










