
ဘိုင်ယန်မြူးနစ်နဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ ပေါင်ကြွက်သား ဒဏ်ရာရရှိခဲ့တဲ့ အသက် ၂၅ နှစ်အရွယ် အာဆင်နယ် တောင်ပံတိုက်စစ် ကစားသမား ဘူကာယိုဆာကာဟာ အနည်းဆုံး သီတင်းပတ် ၆ ပတ် ကနေ ၂ လလောက်အထိ အနားယူရနိုင်တယ်လို့ BBC အားကစားသတင်းက ဖော်ပြပါတယ်။
ဒဏ်ရာရထားတဲ့ နေရာမှာ အရည်တွေ စိမ့်ထွက်နေလို့ တိကျတဲ့ စိစစ်မှုတွေ ထပ်လုပ်ရဦးမယ်လို့ နည်းပြ မီကယ်အာတေတာက ပြောထားပါတယ်။
ဆာကာဟာ လမ်းလျှောက်ဖို့တောင် ခက်ခဲနေတာကြောင့် အခြေအနေမကောင်းဘူးလို့လည်း အာတီတာက ဝန်ခံထားပါတယ်။
ဒဏ်ရာ အခြေအနေကြောင့် ဆာကာဟာ စနေနေ့မှာ အဲဗာတန်နဲ့ ယှဉ်ပြိုင်ရမဲ့ ပရီးမီးယားလိဂ်ပွဲစဉ် အပါအဝင် အင်္ဂလန်အမျိုးသားအသင်းရဲ့ နေးရှင်းလိဂ် ပွဲစဉ်တွေကိုပါ လွဲချော်ရဖွယ် ရှိနေတယ်လို့ သိရပါတယ်။
ဆာကာ ဒဏ်ရာကြောင့် မကစားနိုင်တာ အာဆင်နယ်အသင်းအတွက်လည်း ကြီးမားတဲ့ ဆုံးရှုံးမှု တခုဖြစ်ပြီး အာဆင်နယ်ဟာ တောင်ပံနေရာအတွက် မာဒူအီကေး၊ အီဇီနဲ့ လူငယ်ကစားသမား ဒေါင်းမန်းတို့ကို အစားထိုး အသုံးပြုရဖွယ် ရှိနေပါတယ်။
Photo:Reuters











