DVB Logo
Home
မြန်မာသတင်း
အမ်းတွင် မိုင်းနင်းမိသူ အမျိုးသား ၁ ဦး ခြေပြတ်
DVB
·
July 24, 2025
အမ်းတွင် မိုင်းနင်းမိသူ အမျိုးသား ၁ ဦး ခြေပြတ်
Donate to DVB

ရခိုင်ပြည်နယ် အမ်းမြို့နယ် အမ်း-မအီ ကားလမ်းဘေးမှာ ဇူလိုင် ၂၃ ရက်က မျှစ်ခူးတဲ့ အမျိုးသား တယောက် မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်တဖက်ပြတ်ထွက်ခဲ့တယ်လို့ အမ်းဒေသခံတွေက ပြောပါတယ်။

အမ်းမြို့နဲ့ ၂ မိုင်ခန့်အကွာ အမ်း-မအီ ကားလမ်းဘေးမှာ င/လကျကျေးရွာက အမျိုးသား တယောက် မိုင်းနင်းမိခဲ့တာဖြစ်ပြီး ဘယ်ဘက်ခြေ ဒူးအောက်ကနေ ပြတ်ထွက်ခဲ့တာလို့ အမ်းဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။

“သူက အမ်-မအီလမ်းပိုင်းမှာ မျှစ်သွားခူးတာမှာ မိုင်းနင်းမိတာ။ အရင် စစ်ကောင်စီရှိတုန်းက အဲဒီနေရာတွေက စစ်ကောင်စီ လှုပ်ရှားနေခဲ့တဲ့ နေရာဖြစ်တယ်။ အမ်းနဲ့နီးနီးလေးပဲ။ မိုင်းနင်းမိတဲ့ အမျိုးသားကတော့ ဘယ်ဘက်ခြေချင်းဝတ် အပေါ်ကနေ ပြတ်ထွက်သွားတာ။ ညာဘက်ခြေမှာ လည်း ဒဏ်ရာတချို့ ရသွားတယ်။” 

မိုင်းနင်းမိသူမှာ င/လကျ ကျေးရွာနေ အသက် ၃၁ ဦးရှိ ဦးသိန်းရွှေဖြစ်ပြီး နီးစပ်ရာ ဆေးခန်း တခုမှာ ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

အမ်းမြို့နယ်ဟာ တော၊ တောင်တွေကို အခြေခံပြီး လုပ်ကိုင်စားသောက်ကြရတဲ့ မြို့နယ် ဖြစ်တာကြောင့် မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက် အန္တရာယ်ကို အဆိုးရွားဆုံး ရင်ဆိုင် နေကြရတယ်လို့ အမ်းဒေသခံတွေက ပြောကြပါတယ်။

ရခိုင်မှာ တိုက်ပွဲ ၂ နှစ် နီးပါးအကြာမှာ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက် အန္တရာယ်ဟာ တနေ့ ထက် တနေ့ ကြီးထွားလာနေပြီး လစဉ်အနည်းဆုံး အရပ်သား ၅ ဦးကနေ ၁၀ ဦးအထိ မြေမြှုပ်မိုင်း အန္တရာယ်နဲ့ ရင်ဆိုင်နေကြရတယ်လို့ ဒေသတွင်း လူမှုကူညီရေးလုပ်နေကြသူတွေက ပြောကြပါတယ်။

ရခိုင်ပြည်အတွင်းက အာရက္ခတပ်တော် သိမ်းပိုက်ထားတဲ့မြို့နယ်တွေမှာ မိုင်းနဲ့ စစ်ကျန်လက်နက် တွေကို ရှင်းလင်းနေသလို သတိပေးဆိုင်းဘုတ်တွေ၊ အသိပညာပေးမှုတွေကို ဆက်တိုက် လုပ်ဆောင်နေပေမဲ့လည်း လုံလောက်မှု မရှိဘူးလို့ တောင်ကုတ်မြို့နယ် လူမှုကူညီရေးသမား တယောက်က ပြောပါတယ်။ 

“ရခိုင်မှာက မြေမြှုပ်မိုင်း အန္တရာယ်က အတော်လည်းကို စိုးရိမ်လာတဲ့ အခြေအနေမှာရှိတယ်။ အထူးသဖြင့် တော၊ တောင်ကို မှီခိုစားသောက်နေကြရတဲ့ အခြေခံလူတန်းစားတွေအတွက် ပိုပြီး သက်ရောက်မှုရှိလာတယ်။ နေရာတိုင်းက တိုက်ပွဲဖြစ်ထားချိန်မှာ ဘယ်နေ မိုင်းရှိတယ်ဆိုတာ မသိနိုင်ဘူး။” 

ရခိုင်ပြည်နယ်မှာ အမ်း၊ တောင်ကုတ်၊ မောင်တောနဲ့ ဂွမြို့နယ်တို့ဟာ မြေမြှုပ်မိုင်းပေါက်ကွဲမှု အမြင့်ဆုံးနဲ့ ရင်ဆိုင်နေကြရတာလည်းဖြစ်ပါတယ်။

ရခိုင်ပြည်မှာ ၂၀၂၅ ခုနှစ်အတွင်း မိုင်းနဲ့ စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူနဲ့ သေဆုံးသူ ၃၅ ဦးနဲ့ အထက်မှာရှိတယ်လို့ ဒေသတွင်း လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013