DVB Logo
Home
မြန်မာသတင်း
ရခိုင်တွင် စတားလင့်ခ် အင်တာနက်သုံးစွဲခကို AA လျှော့ချ 
DVB
·
July 23, 2025
ရခိုင်တွင် စတားလင့်ခ် အင်တာနက်သုံးစွဲခကို AA လျှော့ချ 
Donate to DVB

ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော် (AA) ထိန်းချုပ်နယ်မြေ‌တွေမှာ စတားလင့်ခ် အင်တာနက်သုံးစွဲခကို အခုရက်ပိုင်းတွင်းမှာ လျှော့ချလိုက်တာကြောင့် အင်တာနက်သုံးစွဲသူတွေ ပိုများလာတယ်လို့ ဒေသတွင်း နေထိုင်သူတွေက ပြောကြပါတယ်။

ဆက်သွယ်ရေး ပြတ်တောက်နေတဲ့ AA ထိန်းချုပ်နယ်မြေတွေမှာ ဆက်သွယ်ရေးအတွက် တခုတည်း‌သော အားထားရာဖြစ်တဲ့ အင်တာနက်သုံးစွဲနိုင်တဲ့ စတားလင့်ခ်ကို အာရက္ခတပ်တော်က ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

ကနဦးအစက အင်ဝာာနက် အသုံးပြုခဟာ နာရီဝက်ကို ကျပ် ၅၀၀၀ ကျသင့်ခဲ့ပြီး လက်ရှိမှာတော့ အင်တာနက်အသုံးပြုခကို AA ကနေ တနာရီကို ကျပ်  ၂၀၀၀ အထိ လျှော့ချသတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

ခုလို လျှော့ချလိုက်တာကြောင့် သုံးစွဲသူဦးရေဟာ မူလကထက် ၃ ဆခန့် ပိုများလာတယ်လို့ မြောက်ဦး ဒေသခံတယောက်က ပြောပါတယ်။

“ဈေးလျှော့တော့ သုံးတဲ့သူတွေ ပိုများလာတယ်။ တဖက်ကလည်း အများသုံးနိုင်တဲ့ဈေး ဖြစ်သွားတော့ ကောင်းပါတယ်။ နောက်တဖက်က သုံးစွဲသူ များလာတော့ အချိန်ကြန့်ကြာ‌တာတွေ ဖြစ်လာတယ်။ လူအများစု သုံးလာရတော့ အင်တာနက်လိုင်းကလည်း မကောင်းတော့ဘူး။” 

ရခိုင်ပြည်နယ်မှာ အင်တာနက် သုံးစွဲနိုင်တဲ့ စတားလင့်ခ်ကို AA က အဓိကထိန်းချုပ်ထားတာကြောင့် AA ရဲ့ ဌာနဆိုင်ရာ၊ စစ်ဘက်ဆိုင်ရာရုံးတွေနဲ့ အများသုံးနိုင်ဖို့ သတ်မှတ်ထားတဲ့ နေရာတွေက လွဲရင် ကျန်နေရာတွေမှာ ပြည်သူတွေအနေနဲ့ စတားလင့်ခ် ဝယ်ယူအသုံးပြုတာတွေ ပြုလုပ်ခွင့်မရှိဘူးလို့ သိရပါတယ်။

ဒါကြောင့် အများသုံး‌နိုင်တဲ့ အင်တာနက် စတားလင့်ခ်တွေဟာ ဒေသမှာ နည်းပါးနေသေးပြီး ထပ်မံနေရာချပေးဖို့ လိုနေသေးတယ်လို့ ကျောက်တော်ဒေသခံတယောက်က ပြောပါတယ်။ 

“အင်တာနက် သုံးရတာက အဆင်မပြေပါဘူး။ လိုအပ်လို့ အင်တာနက် တခါသုံးဖို့အရေး ခရီးစရိတ်ကုန်ရတာနဲ့ အချိန်ကုန်ရတာနဲ့။ ခုအခြေအနေအရ အင်တာနက်သုံးခက ဘယ်လောက်မှ မကျ‌တော့ပေမဲ့ အသုံးပြုခွင့်ရဖို့အရေးက မလွယ်ဘူး။ အဓိက စတားလင့်ခ်တွေကို ဌာနဆိုင်ရာ ရုံးတိုင်းမှာ ချပေးထားသလို‌ နေရာတော်တော်များများမှာ ချထားပေးနိုင်ဖို့ လိုပါတယ်။ ဒါမှ ပြည်သူအတွက်လည်း အဆင်ပြေနိုင်မယ် ထင်တယ်။” 

ရခိုင်ဒေသဟာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော်တို့ ဒုတိယအကြိမ်မြောက် တကျော့ပြန် တိုက်ပွဲ စတင်စဉ်က‌စလို့ အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ကျေးလက်‌‌ဒေသ တော်တော်များများမှာ စတင်ပြတ်တောက်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့ တပြည်နယ်လုံး အတိုင်းအတာနဲ့ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်သွားခဲ့ပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီ ထိန်းချုပ်မြို့နယ်တွေမှာ ဖုန်းလိုင်း‌တွေ ရနေသေးပေမဲ့ အာရက္ခတပ်တော် ထိန်းချုပ်ဒေသတွေမှာတော့ ဖုန်းနဲ့ အင်တာနက်လိုင်းကို စစ်ကောင်စီတပ်ရဲ့ လေကြောင်းအန္တရာယ်ကို စိုးရိမ်ရလို့ ဆိုပြီးတော့ အာရက္ခတပ်တော်က ဖြတ်တောက်ထားတာ ဖြစ်ပြီး ဖုန်းလိုင်းတွေ ဖြတ်တောက်ခံထားရတာဟာ အချိန်အားဖြင့် ၁ နှစ်နီးပါးခန့်ရှိလာပြီလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013