DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲလုပ်ငန်းစဉ် စတင်နိုင်ရန် စစ်တပ်အာဏာသိမ်းမှုသက်တမ်း ထပ်မတိုးရန်လိုအပ်
DVB
·
July 23, 2025
ရွေးကောက်ပွဲလုပ်ငန်းစဉ် စတင်နိုင်ရန် စစ်တပ်အာဏာသိမ်းမှုသက်တမ်း ထပ်မတိုးရန်လိုအပ်
Donate to DVB

အခု ဇူလိုင်လအကုန်မှာ စစ်တပ်က အာဏာသိမ်းကာလ သက်တမ်း ၆ လ ထပ်မတိုးမှ ဒီနှစ်အကုန်မှာ ရွေးကောက်ပွဲကို ကျင်းပလို့ရနိုင်မယ်လို့ နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ်ပြောဆိုပါတယ်။

စစ်ခေါင်းဆောင်က ဒီနှစ်အကုန်နဲ့ နောက်နှစ်အစမှာ ရွေးကောက်ပွဲကို ကျင်းပမယ်လို့ ပြောဆိုထားတာကြောင့် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်စည်းရုံးရေး အပါအဝင် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်တွေ ဆောင်ရွက်ဖို့ အနည်းဆုံး အချိန် ၆ လ လိုအပ်တဲ့အတွက် ဒီလအကုန်မှာ စစ်တပ်အာဏာသိမ်းမှု ကာလကို ရပ်တန့်ရတော့မယ်လို့   နိုင်ငံရေးအသိုက်အဝန်းက  သုံးသပ်ကြတာပါ။

အာဏာသိမ်းစစ်တပ်က ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့အတွက် ဒီအလကုန်မှာ ကျင်းပမယ့် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီမှာ အာဏာကို ပြန်အပ်ပြီး ကာလုံကနေတဆင့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ဆောင်ရွက်ရမှာဖြစ်တယ်လို့  သေနင်္ဂအင်မဟာဗျူဟာ လေ့လာရေးအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးက ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် အုပ်ချုပ်ရေးယန္တရားနဲ့ လုပ်လက်စ လုပ်ငန်းဆောင်ရွက်ချက်တွေကို ပြောင်းလဲမှုမဖြစ်စေဘဲ လက်ရှိ တာဝန်ယူထားတဲ့သူတွေ အားလုံးပါဝင်တဲ့ အစိုးရအဖွဲ့အမည်ကို ပြောင်းပြီး ဖွဲ့စည်းတာလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

တော်လှန်ရေးအင်အားစုတွေဘက်ကတော့ စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းလိုက်တဲ့ အချိန်ကတည်းကစပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ပျက်သွားပြီး ဖြစ်တာကြောင့် အဲဒီဖွဲ့စည်းပုံကို အခြေခံပြီး ဆောင်ရွက်တဲ့အရာမှန်သမျှကို လက်မခံဘူးလို့  ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) ဥက္ကဋ္ဌ  ခွန်မြင့်ထွန်းက ပြောပါတယ်။ 

နိုင်ငံရေးပါတီတချို့ကတော့ စစ်ခေါင်းဆောင်ဟာ အာဏာသိမ်း သက်တမ်းကို ၆ လ ထပ်တိုးတော့မှာ မဟုတ်ပေမဲ့ လက်ရှိ ဖွဲ့စည်းထားတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖျက်သိမ်းကာ ရွေးကောက်ပွဲ ကျင်းပပေးမယ့် ကြားကာလအစိုးရကို ဖွဲ့စည်းနိုင်ခြေရှိတယ်လို့လည်း ဆိုပါတယ်။

လက်ရှိ အာဏာသိမ်းစစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲ ကျင်းပဖို့အတွက် အခုဖွဲ့စည်းထားတဲ့ အစိုးရအဖွဲ့ကို မဖျက်ဘဲ  ရွေးကောက်ပွဲ ကျင်းပပြီးတဲ့အထိ တာဝန်ယူ ဆောင်ရွက်ပေးလို့ရတယ်လို့လည်း  ရှမ်းနှင့် တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပြောပါတယ်။

အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးသိမ်းကြည် ကတော့ ဒီလအကုန်မှာ စစ်တပ်က အာဏာသက်တမ်းထပ်တိုးခြင်း၊ မတိုးခြင်းဟာ ထူးခြားတဲ့ဖြစ်စဉ်မျိုး ဖြစ်လာမှာ မဟုတ်တာကြောင့် အစိုးရအဖွဲ့ကို အသစ်ပြန်ဖွဲ့ဖို့ မလိုဘူးလို့  ဆိုပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ  ပုဒ်မ ၄၂၆ အရ ကာကွယ်ရေးဦးစီးချုပ်ကို ပေးထားတဲ့ တာဝန်ကို ဆောင်ရွက်ပြီးစီးကြောင်း တင်ပြလာတဲ့အခါ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီက ပုဒ်မ ၄၁၈ အရ ကာကွယ်ရေးဦးစီးချုပ်ကို ပေးထားတဲ့ နိုင်ငံတော်အာဏာကို ဖျက်သိမ်းကြောင်း ကြေညာရမှာ ဖြစ်ပါတယ်။

ဒါ့ပြင် ပုဒ်မ ၄၂၉ အရ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီဟာ ပုဒ်မ ၄၂၆ ကိုပယ်ဖျက်ပြီး ၆ လအတွင်း ရွေးကောက်ပွဲကို ကျင်းပပေးရမှာဖြစ်ပေမဲ့ ပုဒ်မ ၄၂၇ (ခ) အရ သင့်လျော်တဲ့ အဖွဲ့အစည်းကို ဖြစ်စေ၊ ဒါမှမဟုတ် သင့်လျော်တဲ့ ပုဂ္ဂိုလ်တဦးဦးကို အာဏာလွှဲအပ်ပြီး ဆောင်ရွက်ရမယ်လို့ ဖော်ပြထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် စစ်အာဏာရှင်ကို တော်လှန်နေတဲ့ အဖွဲ့တွေကတော့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ အတုအယောင် ဖြစ်တယ်ဆိုပြီး ကန့်ကွက်ရှုတ်ချထားပါတယ်။

အောင်သူ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013