
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထောင်ဒဏ်ကို ထပ်မံလျှော့ပေါ့ပေးလိုက်တာဟာ ဖမ်းဆီးခံ အရပ်သားခေါင်းဆောင်အတွက်ရော၊ သူ့ရဲ့ ပြည်သူတွေအတွက်ပါ တရားမျှတမှု ရလာစေမှာ မဟုတ်ဘူးလို့ မိသားစုဝင်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေက ပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဘာသာ အခါကြီးရက်ကြီး (ကဆုန်လပြည့်နေ့) အထိမ်းအမှတ် လွတ်ငြိမ်းချမ်းသာခွင့်အဖြစ် စစ်အာဏာရှင် သမ္မတမင်းအောင်လှိုင်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြစ်ဒဏ်ကို နောက်ထပ် ခြောက်ပုံတပုံ လျှော့ပေါ့ပေးခဲ့တယ်လို့ သူ့ရဲ့ ရှေ့နေအဖွဲ့က ဆိုပါတယ်။ သောကြာနေ့မှာတော့ သူ့ကို ထောင်ကနေ သတ်မှတ်နေအိမ်မှာ ပြောင်းရွှေ့လိုက်တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။
ဒါဟာ သီတင်းပတ် ၂ ပတ်အတွင်း ဒုတိယအကြိမ် ပြစ်ဒဏ်လျှော့ပေါ့ပေးတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မြန်မာနှစ်ဆန်းသစ်ကူး ဧပြီ ၁၇ ရက်နေ့ကလည်း တခြားအကျဉ်းသား ၄,၅၀၀ ကို ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပေးခဲ့ချိန်မှာ သူ့ရဲ့ ပြစ်ဒဏ်ကို ခြောက်ပုံတပုံ လျှော့ပေါ့ပေးခဲ့ပါသေးတယ်။
ဒါပေမဲ့ ဒီသတင်းအပေါ် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူတွေက ဝမ်းပန်းတသာ မကြိုဆိုနိုင်ခဲ့ပါဘူး။ လျှော့ပေးလိုက်ရင်တောင်မှ သူဟာ ထောင်ဒဏ် ၁၈ နှစ်လောက် ဆက်ကျခံရဖို့ ရှိနေသေးလို့ ဖြစ်ပါတယ်။ ကျန်းမာရေးပြဿနာတချို့ ရှိနေတဲ့ အသက် ၈၀ ကျော်အရွယ် အဘွားအိုတဦးအတွက် ဒီလောက်ရှည်လျားတဲ့ ပြစ်ဒဏ်ဆိုတာ ကျန်ရှိနေတဲ့ ဘဝတသက်တာလုံးကို ထောင်ထဲမှာ ကုန်ဆုံးရမဲ့ သဘောမျိုး ဖြစ်နေလို့ပါပဲ။
“ဒါဟာ တရားမျှတမှု မဟုတ်ပါဘူး။ တိုးတက်မှုတခုလည်း မဟုတ်သလို၊ လူ့အခွင့်အရေး အခြေအနေ တိုးတက်လာတာလည်း မဟုတ်ပါဘူး” လို့ သားဖြစ်သူ ကင်မ်အဲရစ်က The Independent သတင်းစာကို ပြောပါတယ်။ “ကျနော့်မိခင်ဟာ တရားမဝင် ဖမ်းဆီးခံထားရဆဲဖြစ်ပြီး၊ ဆယ်စုနှစ် ၂ ခု နီးပါးစာ ထောင်ဒဏ်တွေကနေ မလွတ်မြောက်သေးပါဘူး” လို့ သူက ဆိုပါတယ်။
အသက် ၈၀ ကျော် အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၁ ခုနှစ် စစ်တပ်က အရပ်သားအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းကတည်းက ဖမ်းဆီးခံထားရတာ ဖြစ်ပါတယ်။ နိုင်ငံရေးအရ လုပ်ကြံ ဖန်တီးထားတယ်လို့ အများက လက်ခံထားတဲ့ စွဲချက်တွေနဲ့ သူဟာ မူလက ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ နောက်ပိုင်းမှ ၂၇ နှစ်ကို လျှော့ချပေးခဲ့ပြီး၊ အခု ထပ်ပြီး လျှော့ပေါ့ပေးတာ ဖြစ်ပါတယ်။
ကင်မ်အဲရစ်က သူ့မိခင် အသက်ရှင်လျက်ရှိသေးကြောင်း အထောက်အထားပြဖို့ ကြာသပတေးနေ့က ထပ်မံတောင်းဆိုလိုက်ပါတယ်။ တံခါးပိတ် တရားခွင်တွေအပြီးမှာ သူ့ကို ဘယ်သူမှ မမြင်တွေ့ရတော့သလို၊ လက်ရှိ ဘယ်မှာ ထိန်းသိမ်းထားတယ်ဆိုတာကိုလည်း ဘယ်သူမှ မသိရပါဘူး။ စစ်အာဏာရှင်တွေက သူ့ကို ရှေ့နေတွေ၊ မိသားစုဝင်တွေနဲ့ လူချင်းတွေ့ခွင့်လည်း မပေးသေးပါဘူး။
“သားတယောက်အနေနဲ့ တရားဝင် သတင်းရင်းမြစ်တခုဆီကနေ ဘာသတင်းအချက်အလက်မှ မရပါဘူး။ မေမေ ဘယ်မှာရှိနေလဲ မသိရပါဘူး။ ကျန်းမာရေး ဘယ်လိုရှိလဲ ဆိုတာကိုလည်း မသိရပါဘူး” လို့ ကင်မ်က ပြောပါတယ်။
“မေမေ အသက်ရှင်လျက် ရှိသေးရဲ့လား ဆိုတာကို ကျနော် အလွန်အမင်း စိုးရိမ်ပူပန်နေရပါတယ်။ တကယ်လို့ အသက်ရှင်နေသေးတယ်ဆိုရင် သက်သေပြပေးပါ။ သားတယောက်ရဲ့ တောင်းဆိုချက်က ရိုးရှင်းပါတယ်။ ကျနော့်မေမေ အသက်ရှင်နေတယ်ဆိုတာကို သိချင်တာပါ။ မေမေနဲ့ အဆက်အသွယ် ရချင်ပါတယ်။ မေမေ လွတ်လပ်ခွင့်ရတာကို မြင်ချင်ပါတယ်” လို့ ကင်မ်က ဆက်ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြစ်ဒဏ်ကို လျှော့ပေါ့ပေးတာဟာ “ကဆုန်လပြည့်နေ့” အထိမ်းအမှတ်အဖြစ် ပေးတဲ့ လွတ်ငြိမ်းခွင့်ရဲ့ အစိတ်အပိုင်းတခု ဖြစ်ပါတယ်။ အဲဒီနေ့မှာ နိုင်ငံခြားသား ၁၁ ဦး အပါအဝင် အကျဉ်းသား ၁,၅၁၉ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့ပါတယ်။ ကျန်ရှိနေတဲ့ တခြား ပြစ်ဒဏ်ကျ အကျဉ်းသားအားလုံးရဲ့ ပြစ်ဒဏ်ကိုလည်း အထိမ်းအမှတ်အနေနဲ့ ခြောက်ပုံတစ်ပုံစီ လျှော့ပေါ့ပေးခဲ့ပါတယ်။
ဖမ်းဆီးခံ အရပ်သားခေါင်းဆောင် အသက်ရှင် ကျန်းမာစွာ ရှိနေသေးတယ်ဆိုတဲ့ သက်သေပြဖို့ စစ်အာဏာရှင် မင်းအောင်လှိုင်ကို တက်ကြွလှုပ်ရှားသူတွေက ဖိအားပေးနေကြပါတယ်။ အဲဒီလို လှုပ်ရှားမှုတွေထဲမှာ ကင်မ်အဲရစ်ရဲ့ အခုတောင်းဆိုမှုလည်း အပါအဝင် ဖြစ်ပါတယ်။
ဒီလအစောပိုင်းက ပေးခဲ့တဲ့ အစုလိုက်အပြုံလိုက် လွတ်ငြိမ်းခွင့်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ဖော်ကိုင်ဖက် သမ္မတ ဦးဝင်းမြင့် လွတ်မြောက်လာခဲ့ပါတယ်။ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်ကို နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့ပေးမယ်လို့ သတင်းတွေ ထွက်ခဲ့ပေမဲ့၊ တကယ်တမ်း ဖြစ်လာခဲ့ပုံ မရပါဘူး။ ဦးဝင်းမြင့်ဟာ အာဏာသိမ်းချိန်မှာ ဖမ်းဆီးခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရာပေါင်းများစွာသော NLD ပါတီဝင်ထဲက တဦး ဖြစ်ပါတယ်။
ကင်မ်အဲရစ်ကတော့ မြန်မာစစ်အာဏာရှင်တွေရဲ့ အခုလို လုပ်ရပ်တွေကို အဓိပ္ပာယ်ရှိတဲ့ ပြုပြင်ပြောင်းလဲရေးလို့ နိုင်ငံတကာအသိုက်အဝန်းက အထင်အမြင်မမှားကြဖို့ သတိပေးခဲ့ပါတယ်။ “ကျနော်တို့ တကယ်လိုအပ်နေတာက ရှင်းပါတယ်။ လူ့အခွင့်အရေးကို လေးစားဖို့၊ ခိုင်လုံတဲ့ သတင်းအချက်အလက်တွေ ပေးဖို့၊ ပွင့်လင်းမြင်သာမှု အပြည့်အဝရှိဖို့နဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ပါပဲ” လို့ သူက ပြောပါတယ်။
Fortify Rights အဖွဲ့ရဲ့ အကြီးတန်းဒါရိုက်တာ ဘင်နဒစ် ရော်ဂျာကလည်း အခုလို ပြစ်ဒဏ်တွေကို အရစ်ကျ လျှော့ပေါ့ပေးနေတာဟာ စစ်အာဏာရှင်ဆီမှာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ဆန္ဒမရှိဘူး ဆိုတာကို ပြသနေပြီး၊ နိုင်ငံအတွင်းမှာ အကောင်းဘက်ကို ပြောင်းလဲနေပြီဆိုတဲ့ အတုအယောင် ပုံရိပ်ကို ဖန်တီးချင်ရုံ သက်သက်ပဲလို့ ဆိုပါတယ်။
ဘင်နဒစ် ရော်ဂျာက “ဒါဟာ စစ်အာဏာရှင်အစိုးရက တင်းကျပ်မှုတွေ လျှော့ချပေးနေပြီဆိုတဲ့ လုပ်ကြံဖန်တီးထားတဲ့ ဇာတ်လမ်းသစ်တခု တည်ဆောက်ဖို့ ကြိုးစားနေတာပါ။ ဒီမိုကရေစီ လှုပ်ရှားမှုတွေ အားကောင်းလာမှာကို ကြောက်တဲ့အတွက် တကယ်တမ်း အဓိပ္ပာယ်ရှိတဲ့ ခြေလှမ်း ဘာတခုမှ မလှမ်းဘဲ၊ ဒီအတုအယောင် ဇာတ်လမ်းလေးကိုပဲ နည်းနည်းချင်းစီ ချပြနေတာပါ” လို့ The Independent ကို ပြောပါတယ်။
ဒါဟာ နိုင်ငံတကာအသိုက်အဝန်းဆီကနေ တရားဝင်မှု၊ ယုံကြည်မှုနဲ့ အသိအမှတ်ပြုမှုတွေ ရချင်လို့ ပြုပြင်ပြောင်းလဲရေး လုပ်နေတဲ့ စစ်အာဏာရှင်အစိုးရရဲ့ ထင်ရှားတဲ့ လုပ်ရပ်တခုပါပဲလို့လည်း ပြောပါတယ်။
အာဏာသိမ်းခဲ့တဲ့ စစ်အာဏာရှင် ခေါင်းဆောင် မင်းအောင်လှိုင်ဟာ မကြာသေးခင်ကမှ သူ့ ကြိုးဆွဲရာကတဲ့ တရားမဝင် လွှတ်တော်ကနေ သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ အတိုက်အခံပါတီတွေ မပါဝင်တဲ့အတွက် အတုအယောင်လို့ အနောက်နိုင်ငံတွေက ဝေဖန်ထားတဲ့ ရွေးကောက်ပွဲအပြီးမှာ သူရဲ့ အာဏာချုပ်ကိုင်မှုကို တရားဝင်ဖြစ်အောင် လုပ်ဆောင်လိုက်တာပါ။ ဒီအာဏာသိမ်းမှုဟာ ဆယ်စုနှစ်တခုကြာ ပွင့်လန်းခါစ ဒီမိုကရေစီကို အဆုံးသတ်စေခဲ့ပြီး နိုင်ငံတဝန်းမှာ ကမောက်ကမဖြစ်မှုတွေနဲ့ ပြည်တွင်းစစ်ကို စတင်စေခဲ့ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၆ ကနေ ၂၀၂၁ အထိ မြန်မာနိုင်ငံကို ဦးဆောင်ခဲ့ပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် မျှော်လင့်ချက်တွေ ရှင်သန်စေခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ သူဟာ စစ်တပ်ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတဲ့ ပထမဆုံး အစိုးရအဖွဲ့ဝင်တွေထဲက တဦးဖြစ်ပြီး၊ အခုအချိန်မှာတော့ နိုင်ငံတွင်းက ထောင်ပေါင်းများစွာသော နိုင်ငံရေးအကျဉ်းသားတွေထဲက တဦး ဖြစ်နေပါပြီ။
သူရဲ့ ဘဝဖြတ်သန်းမှု ခရီးစဉ်ကို The Independent သတင်းဌာနက ထုတ်လုပ်ဖြန့်ချိခဲ့တဲ့ 'Cancelled: The Rise and Fall of Aung San Suu Kyi' ဆိုတဲ့ မှတ်တမ်းရုပ်ရှင်မှာ ဖော်ပြထားပါတယ်။
ရွှေတာ ရှာရ်မာ
Ref: The Independent










