DVB Logo
Home
မြန်မာသတင်း
ကန်ကျနပူရီတွင် ယာဉ် ၅ စီး ဆင့်ကဲတိုက်မှုဖြစ်ပြီး မြန်မာအပါအဝင် ၃ ဦး သေဆုံး၊ ၁၀ ဦးကျော် ဒဏ်ရာရ
DVB
·
July 23, 2025
ကန်ကျနပူရီတွင် ယာဉ် ၅ စီး ဆင့်ကဲတိုက်မှုဖြစ်ပြီး မြန်မာအပါအဝင် ၃ ဦး သေဆုံး၊ ၁၀ ဦးကျော် ဒဏ်ရာရ
Donate to DVB

ထိုင်း-မြန်မာနယ်စပ်၊ ကန်ကျနပူရီခရိုင်၊ ဆန်ခလပူရီမြို့နယ်ထဲမှာ ဇူလိုင် ၂၃  ဒီမနက်က ယာဉ် ၅ စီးဆင့်ကဲတိုက်မှုဖြစ်ပွားပြီး မြန်မာလုပ်သားတွေ အပါအဝင် ၃ ယောက် သေဆုံးကာ ၁၀ ယောက်ကျော် ဒဏ်ရာရသွားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

ဆန်ခလပူရီမြို့နယ် နောင်လူးအုပ်စု  အမှတ် ၃၂၃ လမ်းမကြီးပေါ်မှာ  ဒီမနက်  ၁၀ နာရီ လောက်က ယာဉ်တိုက်မှုဖြစ်ပွားကြောင်း အကြောင်းကြားချက် ရတာကြောင့် တာဝန်ရှိသူတွေနဲ့အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့  ဆန်ခလပူရီမြို့နယ်ရဲတပ်ဖွဲ့ တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။ 

ရဲတွေ ရောက်သွားချိန်မှာတော့  အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့၊ လူနာတင်ယာဉ်၊ လမ်းဦးစီးဌာန တာဝန်ရှိသူတွေ ရောက်နှင့်ပြီး ဖြစ်တယ်၊  အခင်းဖြစ်တဲ့နေရာဟာ တောင်စောင်း အဆင်းလမ်းဖြစ်ပြီး ကယ်ဆယ်ရေးအဖွဲ့ဝင်တွေဟာ  ကြေမွနေတဲ့ ဟိုင်းလပ်စ်ကားတစီးထဲကနေ ဒဏ်ရာရသူတွေကို ကယ်ထုတ်နေပါတယ်။ အဲဒီကားနောက်မှာ ရှေ့ခန်းတခုလုံး ပျက်စီးနေတဲ့ ၁၀ ဘီးကား တစီး၊ အဲဒီနောက် လမ်းလယ်ကောင် စင်္ကြံအုတ်ခုံပေါ် တိမ်းမှောက်နေတဲ့ကားနဲ့ လမ်းဘေးကို ချော်ထွက်သွားတဲ့ကားတွေ တွေ့ရတယ်လို့ ဆိုပါတယ်။ 

မျက်မြင်သက်သေတို့ ပြောပြချက်အရ ကျန်ထပူရီနံပါတ်ပြားကား ၁၀ ဘီးကားကြီးဟာ ကုန်ပစ္စည်းတွေ တင်ဆောင်ပြီး ဆန်ခလပူရီဘက်သို့ ဦးတည်မောင်းနှင်စဉ်  တောင်စောင်း ကုန်းဆင်းမှာ ဘရိတ်ပေါက်ပြီး အရှေ့ကသွားနေတဲ့ ဟိုင်းလပ်စ်ကားတစီးကို အနောက်ကနေ ဝင်တိုက်တယ်၊ ဟိုင်းလပ်စ်ကားကလည်း  သူ့အရှေ့က ကားတွေကို အရှိန်နဲ့ ဝင်တိုက်တယ်၊ ဒီဖြစ်စဉ်မှာ  စုစုပေါင်း ကား ၅ စီး ဆင့်ကဲတိုက်မှုဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ 

ထိခိုက်ဒဏ်ရာရသူ အများအပြားရှိပြီး လူ ၃  ယောက် အဲဒီနေရာမှာတင် ပွဲချင်းပြီး သေဆုံးကာ ၁၀ ယောက်ကျော်ကို ဆန်ခလပူရီဆေးရုံသို့ ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။ 

ကယ်ဆယ်ရေးအဖွဲ့တွေရဲ့ Live Video ထဲမှာ ပထမဆုံးအတိုက်ခံရတဲ့ ဟိုင်းလပ်စ်ကားထဲ ပါလာသူတွေဟာ ဘုရားသုံးဆူဘက် သွားမယ့် မြန်မာတွေဖြစ်ပြီး သေဆုံးဒဏ်ရာရသူထဲ မြန်မာ နိုင်ငံသား အများစု ပါဝင်တယ်လို့  ပြောပါတယ်။ 

Source :  MGROnline / JoCho Thai News

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013