
ကမ္ဘာ့ပဉ္စမမြောက် အကြီးဆုံးကားကုမ္ပဏီ Stellantis ဟာ ၂၀၂၅ ပထမနှစ်ဝက်အတွင်း ဒေါ်လာ ၂ ဒသမ ၇ ဘီလီယံအထိ ဆုံးရှုံးမှုရှိခဲ့ကြောင်း ဇူလိုင် ၂၁ ရက်မှာ အတည်ပြုသွားပါတယ်။
Chrysler ၊ Jeep နဲ့ Fiat လိုမျိုး နာမည်ကြီး ကားအမှတ်တံဆိပ်တွေထုတ်လုပ်တဲ့ Stellantis ကုမ္ပဏီဟာ ၆ လတာအတွင်း ဒေါ်လာ ၈၆ ဒသမ ၈၂ ဘီလီယံ ဝင်ငွေရမယ်ဆိုပြီး ခန့်မှန်းထားခဲ့တာပါ။
ဒါပေမဲ့လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ အခွန်စည်းကြပ်မှုကြောင့် Stellantis ဟာ မျှော်မှန်းထားတာထက် ဝင်ငွေလျော့နည်းခဲ့ပြီး ဒေါ်လာ သန်း ၃၅၀ လောက် ကုန်ကျစရိတ် တက်လာခဲ့တယ်လို့ ဆိုပါတယ်။
ဒါဟာ လက်ရှိ ကမ္ဘာ့ကုန်သွယ်ရေး အခင်းအကျင်းနဲ့ အခွန်တိုးကောက်မှုတွေအရ Stellantis ရဲ့ ထုတ်လုပ်ရေး အစီအမံတွေကို ဖျက်သိမ်းခဲ့ရတာကြောင့် ဖြစ်တယ်လို့ ကုမ္ပဏီဘက်က ဖော်ပြထားပါတယ်။
ဒါ့အပြင် Stellantis ရဲ့ ကားတင်ပို့ရမှုဟာ ပြီးခဲ့တဲ့နှစ်ကာလတူနဲ့ နှိုင်းယှဉ်ကြည့်ရင် နောက်ဆုံးသုံးလပတ်အတွင်း မြောက်အမေရိကတိုက်မှာ ၂၅ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း သိရပါတယ်။
တချိန်တည်းမှာပဲ ကားအမှတ်တံဆိပ် ၁၄ ခု ပိုင်ဆိုင်ထားတဲ့ ကုမ္ပဏီရဲ့ စုစုပေါင်း ရောင်းအားဟာ ၁၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
လွန်ခဲ့တဲ့ ဧပြီလကစပြီး အမေရိကန်နိုင်ငံကို တင်ပို့လာတဲ့ ကားတွေအပေါ် သွင်းကုန်ခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံနေတာ ဖြစ်ပါတယ်။
ဒါကြောင့် Stellantis ဟာ ဒုတိယနှစ်ဝက်မှာ ၂ ဆ ဒါမှမဟုတ် ဒီထက်ပိုပြီး ထိခိုက်နိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။
ဒီနှစ်ထဲမှာ Stellantis ကုမ္ပဏီရဲ့ စတော့ရှယ်ယာတန်ဖိုးက ၃၅ ရာခိုင်နှုန်းလောက်ကို ကျဆင်းလာခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် ဇွန်လထဲမှာ CEO အသစ် ဖြစ်လာတဲ့ အန်တိုနီယို ဖီလိုဆာရဲ့ ဦးဆောင်မှုနဲ့အတူ ဥရောပ၊ တောင်အမေရိက အပါအဝင် အမေရိကန်၊ ဗြိတိန်၊ ကနေဒါနဲ့ မက္ကဆီကို စတဲ့ နိုင်ငံတွေမှာပါ ကားထုတ်လုပ်နေတာ ဖြစ်ပါတယ်။
Source: Reuters











