DVB Logo
Home
မြန်မာသတင်း
သက်ငယ်မုဒိမ်းမှု ကျူးလွန်သူထံက လာဘ်ငွေယူ အမှုပြောင်းပြီး ထောင် ၂ လသာချမှတ်
DVB
·
July 22, 2025
သက်ငယ်မုဒိမ်းမှု ကျူးလွန်သူထံက လာဘ်ငွေယူ အမှုပြောင်းပြီး ထောင် ၂ လသာချမှတ်
Donate to DVB

ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်၊ ခြောက်အိမ်တန်းကျေးရွာမှာ ဦးလေးဖြစ်သူရဲ့ အဓမ္မပြုကျင့်တာ ခံခဲ့ရတဲ့ မိန်းကလေးရဲ့အမှုကို ရဲနဲ့ အုပ်ချုပ်ရေးမှူးတွေပေါင်းပြီး အဓမ္မပြုကျင့်သူဆီက လာဘ်ငွေယူ အမှုခေါင်းစဉ်ပြောင်းကာ တရားခံကို ထောင် ၂ လသာ ချမှတ်ဖို့ လုပ်ပေးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇွန် ၂၃ ရက်က အသက် ၁၄ နှစ်အရွယ် မိန်းကလေးကို ဦးလေးအရင်းဖြစ်သူ ဦးအောင်ကိုက အဓမ္မပြုကျင့်ခဲ့တာဖြစ်ပြီး အိမ်မဲ အထက-ခွဲ ကျောင်းက ကျောင်းအုပ်ဆရာမကြီး အပါအဝင် နစ်နာသူမိသားစုက သိရှိပြီး လူကောင်းကျွန်း ရဲစခန်းကို အမှုဖွင့်တိုင်ကြားခဲ့တဲ့အမှု ဖြစ်ပါတယ်။

ဒီအမှုနဲ့ပတ်သက်လို့ အိမ်မဲမြို့နယ် လူကောင်းကျွန်းနယ်မြေ ရဲစခန်းက မုဒိမ်းမှုကျူးလွန်တဲ့ တရားခံဆီက ငွေကြေးကျပ် သိန်းဆယ်ချီယူပြီး ဥပဒေအရာရှိတွေနဲ့ပေါင်း လာဘ်စားကာ ဥပဒေပုဒ်မတွေကို မုဒိမ်းမှုအစား မူးယစ်ရမ်းကားမှုလို့ ပြောင်းခဲ့ကြလို့ ဇူလိုင် ၃ ရက်မှာ တရားခံကို ထောင် ၂ လပဲ ကျခံစေခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်ကိုသိရှိသူ ဒေသခံတယောက်က ''လူကောင်းကျွန်းရဲစခန်းက အမှုမဖွင့်ဘဲ ကလေးမလေးကို ခေါ်စစ်ပြီး ကိုယ်ဝန်တားဆေးပဲ တိုက်လိုက်တာ။ တရားခံကို အမှုခေါင်းစဉ်ပြောင်းပြီး ထောင်နှစ်လပဲ ချခဲ့တာ။ ရဲတွေ၊ အုပ်ချုပ်ရေးမှူးတွေ၊ ဥပဒေပညာရှင်တွေက ဥပဒေကို လက်တလုံးခြားလုပ်တာ။ နစ်နာသူမိန်းကလေးက ကူရာမဲ့ဘဝ ရောက်နေတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီခန့် ခြောက်အိမ်တန်းကျေးရွာအုပ်ချုပ်ရေမှူး မောင်မောင်လင်းက နစ်နာသူ မိန်းကလေးရဲ့ မိသားစုဆီကနေ အမှုဖွင့်ပါက ၂ သိန်းပေးရမယ်လို့ ဆိုပြီး တောင်းယူခဲ့လို့  နစ်နာတဲ့ မိန်းကလေးမိသားစုတွေဘက်က ငွေကျပ် ၁၅၀,၀၀၀ ချေးငှားပြီး ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူက “နစ်နာသူ မိန်းကလေးတွေဘက်က နွမ်းပါးတော့ အားလုံး ဝိုင်းဖိတာ သိသာနေတာပဲ။ လူကောင်းကျွန်းရဲစခန်းက ရဲတွေ၊ အုပ်ချုပ်ရေးမှူး မောင်မောင်လေးတို့က ပိုဆိုးတယ်။ အခုတော့ ကလေးမလေးက ဒီအတိုင်း နစ်နာနေရတယ်” လို့ ပြောပါတယ်။

အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး နစ်နာတဲ့ မိသားစုက စစ်ကောင်စီရဲ့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကို ဇူလိုင် ၇ ရက်က ဖြစ်စဉ်အသေးစိတ်ရေးသား လိပ်မူတိုင်ကြားခဲ့ပေမဲ့ ဇူလိုင် ၂၂ ရက်အထိ အကြောင်းကြား ခေါ်ယူစစ်ဆေးပေးတာ မရှိသေးဘူးလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013