DVB Logo
Home
မြန်မာသတင်း
ဝီဖာမုန်တိုင်း၊ မိုးလယ်ကာလ မြစ်ဘေးနေထိုင်သူများနှင့် မြေနိမ့်ပိုင်းများ အထူးသတိထားရန်လို
DVB
·
July 22, 2025
ဝီဖာမုန်တိုင်း၊ မိုးလယ်ကာလ မြစ်ဘေးနေထိုင်သူများနှင့် မြေနိမ့်ပိုင်းများ အထူးသတိထားရန်လို
Donate to DVB

ဝီဖာမုန်တိုင်းအရှိန်အပြင် မိုးလယ်ကာလဖြစ်တာကြောင့် မြန်မာနိုင်ငံအနှံ့ တိုင်းနဲ့ ပြည်နယ်တချို့မှာ သြဂုတ်လ ပထမပတ်အထိ မိုးများပြီး ရေကြီးရေလျှံမှုတွေ ဖြစ်နိုင်တာကြောင့် မြစ်ကမ်းဘေးနဲ့ မြေနိမ့်ပိုင်းဒေသတွေမှာ နေထိုင်သူတွေ အထူးသတိထားကြဖို့ မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က သတိပေး ပြောဆိုပါတယ်။

တရုတ်ကုန်းတွင်းပိုင်းကို ဝင်ရောက်တိုက်ခတ်နေတဲ့ တိုင်ဖွန်းမုန်တိုင်း ဝီဖာ (WIPHA) အရှိန်ကြောင့် ဘင်္ဂလားပင်လယ်အော်မှာ အနောက်တောင်မုတ်သုံလေအား ပိုကောင်းလာပြီး မြန်မာနိုင်ငံအနှံ့ တိုင်းနဲ့ ပြည်နယ်တချို့မှာ သြဂုတ်လ ပထမပတ်အထိ နေရာဒေသအလိုက် မိုးကြီးပြီး ‌ရေကြီးရေလျှံမှုတွေ ဖြစ်နိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ပြောပါတယ်။

မြန်မာနိုင်ငံမှာတော့ ဒေသအလိုက် မိုးကြီးနိုင်တဲ့အပြင် မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းကြီးရာကနေ လှိုင်းအလွန်ကြီးနိုင်ပြီး လှိုင်းအမြင့်မှာ ၁၁ ပေကနေ ၁၄ ပေလောက်အထိ ရှိနိုင်တယ်လို့ စစ်ကောင်စီရဲ့ မိုးဇလက ဇူလိုင် ၂၂ ရက် ခန့်မှန်းထားချက်အရ သိရပါတယ်။

ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ ဒေသအလိုက် နေရာကွက်ပြီး မိုးကြီးနိုင်တဲ့အပြင် နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာလည်း မိုးထစ်ချုန်းရွာနိုင်တယ်ဆိုပြီး ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဇူလိုင်လ အစကနေ သြဂုတ်လကုန်အထိ မိုးလယ်ကာလဖြစ်တာကြောင့် မိုးသည်းထန်စွာ ရွာသွန်းနိုင်ပြီး ရေကြီးမှုတွေ ဖြစ်နိုင်တဲ့အပြင် ရုတ်တရက် ကျဆင်းလာတတ်တဲ့ တောင်ကျရေတွေကိုလည်း သတိထားကြဖို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က သတိပေး ပြောဆိုပါတယ်။

“‌ရေကြီးနိုင်ခြေကတော့ သြဂုတ်လ ပထမပတ်အတွင်းအထိပေါ့နော်။ ဘာလို့လဲဆိုတော့ ဇူလိုင်လ ၁ ရက်နေ့ကနေ သြဂုတ်လ ၃၁ ရက်နေ့အထိက မိုးလယ်ကာလပေါ့။ ဒီကြားထဲမှာ တောင်တရုတ်ပင်လယ်ဘက်ကလည်း မုန်တိုင်းတွေ ဖြစ်လာနိုင်သေးတယ်။ ဘင်္ဂလားပင်လယ်အော်မှာလည်း လေဖိအားနည်းရပ်ဝန်းတွေ၊ မုန်တိုင်းတွေ ဖြစ်လာနိုင်သေးတယ်။ ဒါတွေရဲ့ သက်ရောက်မှုတွေကြောင့် မိုးများနိုင်တာတွေ ဖြစ်လာနိုင်သေးတယ်။ နောက်ပြီး မြစ်ရေကြီးတာတွေ ဖြစ်လာနိုင်သေးတယ်။ ဒီလိုဖြစ်နိုင်တဲ့ သဘာဝဘေးတွေက မိုးလယ်ကာလအတွင်း ဆက်ပြီးတော့ ရှိနေပါဦးမယ်။ အခုက မြစ်ရေ ရေတောင့်နေပြီပေါ့နော်၊ ဒါကြောင့် မြစ်ကမ်းပါး၊ မြစ်လယ်တောင်ကျွန်းတွေ ဒီနေရာတွေမှာ နေတဲ့သူတွေက အထူးသတိထားရပါမယ်။ နောက်တခုက ၅ လက်မ ၆ လက်မအထိ ရွာပြီးတော့ ၂၄ နာရီအတွင်း မိုးအလွန်များတယ် ဆိုလို့ရှိရင် တောင်ကျချောင်း‌ရေ ရုတ်တရက် ဆင်းလာနိုင်တယ်။”

ဒါ့အပြင် ဇူလိုင် ၂၂ ရက် မိုးဇလ တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေဟာ မဒေါက်မြို့ရဲ့ စိုးရိမ်ရေမှတ်အထက်ကို ၁ ပေခွဲလောက် ကျော်လွန်နေတယ်လို့ သိရပါတယ်။

အလားတူ ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့ရဲ့ စိုးရိမ်ရေမှတ်အထက်ကို ၃ လက်မအထက်ကို ကျော်လွန်နေတယ်လို့ သိရပါတယ်။

ဒါကြောင့် မဒေါက်မြို့နဲ့ ငါးသိုင်းချောင်းမြို့အတွင်းရှိ မြစ်ကမ်းဘေးနဲ့ မြေနိမ့်ပိုင်းဒေသတွေမှာ နေထိုင်သူတွေအနေနဲ့ ရေဘေးလွတ်ရာကို ရှောင်ရှားကြဖို့ မိုးဇလက သတိပေး တိုက်တွန်းထားပါတယ်။

စစ်တောင်းမြစ်ကမ်းဘေး နေထိုင်သူတယောက်ကလည်း လက်ရှိမှာ မိုးသည်းထန်စွာ ရွာသွန်းနေတာ တပတ်လောက် ကြာမြင့်နေပြီ ဖြစ်တာကြောင့် ရေကြီးလာရင်တော့ ဘေးလွတ်ရာကို ရွှေ့ပြောင်းနိုင်ဖို့အတွက် သတိထား စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။

စစ်တောင်းမြစ်ကမ်းဘေးနေထိုင်သူ ဒေသခံတယောက်က “စစ်တောင်းမြစ်ရေ တအားတိုးနေတယ်။ တိုးနေတာလည်း တပတ်လောက်ရှိနေပြီ။ မိုးကြမ်းတယ် မလျော့ဘူး။ မိုးရွာနေတာက တလလောက်တော့ ရှိနေပြီ။ ရေကတော့ ကြီးတယ်၊ နှစ်တိုင်းကြီးတယ် ဒီလိုပဲ။ ဒီနှစ်မှာတော့ ရေတွေက လယ်တွေကို မမြုပ်သေးဘူး။ တအားကြီးများလာရင်တော့ အမြင့်ဘက်ပိုင်းတွေကို ရွှေ့ကြရမှာပေါ့။ မနှစ်ကကြီးတဲ့ရေကို မမီသေးဘူး။ အဲဒါ ထပ်ပိုလာနိုင်မလား၊ ထပ်လျော့သွားမလား အဲဒါပဲ စောင့်ကြည့်နေရတုန်းပဲပေါ့ ဒီ‌ရေတွေကို” လို့ ပြောပါတယ်။

လက်ရှိမှာ အပူပိုင်းမုန်တိုင်း ဝီဖာဟာ ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းကမ်းခြေကို အားကောင်းတဲ့မုန်တိုင်းအဖြစ်နဲ့ ဖြတ်ကျော်တိုက်ခတ်နေပြီး ဇူလိုင် ၂၃ ရက်မှာ လာအိုနိုင်ငံပေါ်မှာ ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် ဝင်ရောက်ပြီး အားလျော့သွားမယ်လို့ မိုးဇလက ဇူလိုင် ၂၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။

မိုးလေဝသပညာရှင် ဦးဝင်နိုင်ကတော့ ၂၀၂၄ ခုနှစ်က တိုက်ခတ်ခဲ့တဲ့ အားအလွန်ကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်း ရာဂီလောက် ပြင်းထန်တာ မဟုတ်တဲ့အတွက် ၂၀၂၄ ခုနှစ်ကလောက် ရေကြီးရေလျှံတာတွေ ပြင်းထန်နိုင်မှာ မဟုတ်ဘူးလို့ ဆိုထားပါတယ်။

ကေခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013