
ထိုင်းအရှေ့မြောက်ပိုင်း၊ နခွန်းရာ့ချ်ဆီမားခရိုင်မှာ ဇူလိုင် ၂၁ မနက်ပိုင်းက တက္ကသိုလ်ကျောင်းသူ တယောက် ၅ ထပ်တိုက် လေသာဆောင်ပေါ်က ခုန်ချပြီး မိမိကိုယ်ကိုယ် အဆုံးစီရင်ဖို့ ကြိုးစားပေမဲ့ မအောင်မြင်ဘဲ ပြင်းထန်တဲ့ ဒဏ်ရာတွေနဲ့ ဆေးရုံမှာ တက်ရောက် ကုသနေရတယ်လို့ 3Plus News ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ဇူလိုင် ၂၁ ရက် မနက် ၈ နာရီလောက်က လမ်းသွားလမ်းလာ ပြည်သူတယောက်ဟာ နခွန်းရာ့ချ်ဆီမားခရိုင်ရဲ့ နာမည်ကြီး တက္ကသိုလ်တစ်ခုအနီး လျှောက်လှမ်းနေစဉ် တစုံတယောက်ဟာ တက္ကသိုလ်ရဲ့ ၅ ထပ်မြင့် အဆောက်အအုံ လေသာဆောင်အစွန်းမှာ လာရပ်နေတာကို အမှတ်တမဲ့ တွေ့မိပြီး ဗွီဒီယို ရိုက်လိုက်ပါတယ်။
သူ ဗွီဒီယိုရိုက်နေစဉ်အချိန်မှာ အဲဒီလူဟာ အမြင့်ပေါ်ကနေ ခုန်ချတာကို တွေ့တော့ ထိတ်လန့်တကြား အော်ပြီး အဲဒီနေရာကို သွားကြည့်ခဲ့တယ်လို့ သတင်းထောက်ကို ပြောပါတယ်။
သူ အဲဒီနေရာရောက်သွားစဉ် ကယ်ဆယ်ရေးအဖွဲ့တွေလည်း ရောက်နေပြီး၊ ခုန်ချသူမှာ ခြေထောက် နှစ်ဖက်လုံး ကျိုးပြီး အနေအထား ပြောင်းပြန်ဖြစ်သွားတယ်။ ရင်ဘတ်မှာလည်း ပြင်းထန်ဒဏ်ရာရတယ်။ သတိတော့ရနေသေးတယ်လို့ ဆိုပါတယ်။
ကယ်ဆယ်ရေးအဖွဲ့တွေက သူ့ကို မဟာရာချ်နခွန်းရာ့ချ်ဆီမား ဆေးရုံခေါ်သွားပြီး လက်ရှိ ICU အရေးပေါ်ခန်းထဲ ကုသမှုခံယူနေတယ်၊ ခုန်ချသူမှာ အသက် ၁၉ နှစ်ရွယ် LGBT ကျောင်းသူ တယောက် ဖြစ်တယ်။ အဆိုပါတက္ကသိုလ်မှာ စီးပွားရေးစီမံခန့်ခွဲမှုဘာသာရပ်နဲ့ ဒုတိယနှစ်မှာ တက်ရောက် သင်ကြားနေသူလို့ သတင်းမှာ ဖော်ပြပါတယ်။
သူဟာ ဘာကြောင့် ဒီလိုလုပ်ရသလဲဆိုတာကို မသိရပေမဲ့ ဒီမတိုင်ခင်ကတော့ စိတ်ကျဝေဒနာ ခံစားနေရသူ ဖြစ်ကြောင်း သိရတယ်လို့ ဆိုပါတယ်။
Source : 3Plus News / MGROnline News











