DVB Logo
Home
ဆောင်းပါး
တရုတ်ရဲ့ မြေရှားသတ္တု လက်ဝါးကြီးအုပ်မှုမှာ မြန်မာက အရေးပါတဲ့နေရာက ဘယ်လို ပါဝင်နေလဲ
DVB
·
July 22, 2025
တရုတ်ရဲ့ မြေရှားသတ္တု လက်ဝါးကြီးအုပ်မှုမှာ မြန်မာက အရေးပါတဲ့နေရာက ဘယ်လို ပါဝင်နေလဲ
Donate to DVB

ပေကျင်းအစိုးရဟာ မြေရှားသတ္တုတင်ပို့မှုကို တင်းကျပ်စွာ ထိန်းချုပ်လာနေပါတယ်။ ဒီလုပ်ရပ်ကြောင့် ကမ္ဘာတဝန်းမှာ မြေရှားသတ္တုတွေ ပြတ်လပ်လာခဲ့ပါတယ်။ ဒါ့အပြင် စက်မှုလုပ်ငန်းတွေဟာ တရုတ်ရဲ့ ထောက်ပံ့ရေးကွင်းဆက်ကို ဘယ်လောက်ထိ မှီခိုနေရသလဲဆိုတာ သိသာထင်ရှားလာစေခဲ့ပါတယ်။

ဒါပေမဲ့ မကြာသေးခင်နှစ်တွေမှာတော့ တရုတ်နိုင်ငံကိုယ်တိုင်က မြေရှားသတ္တုရရှိဖို့အတွက် မထင်မှတ်ထားတဲ့ နိုင်ငံတခုကို မှီခိုလာရပါတယ်။ အဲဒီနိုင်ငံကတော့ စစ်ဘေးဒဏ်ကြောင့် စီးပွားရေး ပြိုလဲနေတဲ့ မြန်မာဆိုတဲ့ နိုင်ငံငယ်လေးတနိုင်ငံ ဖြစ်ပါတယ်။

တရုတ်ဟာ ကမ္ဘာ့‌မြေရှားသတ္ထု အများဆုံးထုတ်လုပ်တဲ့ နိုင်ငံပါ။ ဒါပေမဲ့ တန်ဖိုးကြီးသတ္တုတွေပါတဲ့ ကုန်ကြမ်းတွေကိုတော့ ပြည်ပကနေ တင်သွင်းနေရဆဲ ဖြစ်ပါတယ်။

“ပြီးခဲ့တဲ့နှစ်က တရုတ်ရဲ့ စုစုပေါင်းမြေရှားသတ္တုတင်သွင်းမှုအားလုံးရဲ့ ၅၇ ရာခိုင်နှုန်းလောက်ဟာ မြန်မာနိုင်ငံက လာတာဖြစ်တယ်” လို့ CSIS က ဒါရိုက်တာတဦးဖြစ်တဲ့  ဂရေ့စ်လင်းဘက်စ်ခါရန် က CNBC သတင်းဌာနကို ပြောပါတယ်။

တရုတ်အကောက်ခွန်ဌာနရဲ့ အချက်အလက်တွေအရလည်း မြန်မာ့မြေရှားသတ္တုတွေကို တရုတ်ဘက် တင်ပို့မှုဟာ ၂၀၁၈ မှာ သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်မှာတော့ တင်ပို့မှုဟာ မက်ထရစ်တန် ၄၂,၀၀၀ နီးပါးနဲ့ အမြင့်ဆုံးကို ရောက်ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံက တင်သွင်းတဲ့ မြေရှားသတ္တုတွေရဲ့ ထူးခြားချက်တခုကို ဘက်စ်ခါရန်က ထပ်လောင်းပြောပါတယ်။ အဲဒါကတော့ ‘မြေရှားသတ္တုအုပ်စုဝင် ဒြပ်စင်အလေးစားများ’ ပါဝင်မှုနှုန်း မြင့်မားနေတာပဲ ဖြစ်ပါတယ်။ ဒီဒြပ်စင်တွေဟာ ယေဘုယျအားဖြင့် ကမ္ဘာ့မြေလွှာမှာ အတွေ့ရနည်းပါတယ်။ ဒါကြောင့် ပိုလည်းတန်ဖိုးကြီး၊ ပိုလည်းရှားပါးပါတယ်။

“မြန်မာနိုင်ငံရဲ့ မြေရှားထုတ်လုပ်မှုဟာ တရုတ်နိုင်ငံရဲ့ ဈေးကွက်ချုပ်ကိုင်နိုင်စွမ်းကို သိသိသာသာ အားကောင်းစေခဲ့ပါတယ်။ ဒါဟာ ပေကျင်းအစိုးရကို ကမ္ဘာလုံးဆိုင်ရာ မြေရှားသတ္တု အလေးစားတွေရဲ့ ထောက်ပံ့ရေးကွင်းဆက်နှင့် ပတ်သက်လို့ လက်တွေ့မှာ တဦးတည်းမူပိုင်ခွင့်ကို ရစေခဲ့ပါတယ်။”

မြန်မာနိုင်ငံဟာ ကမ္ဘာမှာ သိပ်ကိုလိုအပ်နေတဲ့ မြေရှားသတ္တုအလေးစား ၂ မျိုးရဲ့ အဓိကအရင်းအမြစ် ဖြစ်လာခဲ့ပါတယ်။ အဲဒါတွေကတော့ ဒစ်စ်ပရိုစီယမ် (dysprosium) နဲ့ တာဘီယမ် (terbium) တို့ ဖြစ်ကြပါတယ်။ ဒီဒြပ်စင်တွေဟာ ကာကွယ်ရေး၊ အာကာသနဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍတွေမှာ အရေးကြီးတဲ့ အခန်းကဏ္ဍအဖြစ် ပါဝင်နေပါတယ်။

ဘက်စ်ခါရန်က “ဒီအခြေအနေကြောင့် ထောက်ပံ့ရေးကွင်းဆက်ပုံစံတခု ဖြစ်ပေါ်လာစေခဲ့ပါတယ်။ သတ္ထုတူးဖော်မှုကို မြန်မာမှာ အဓိကလုပ်ပြီး သန့်စင်ပြုပြင်တာနဲ့ တန်ဖိုးမြှင့်တာကိုတော့ တရုတ်မှာ အများဆုံးလုပ်ဆောင်ကြပါတယ်” လို့ ဆိုပါတယ်။

ဘာကြောင့် မြန်မာနိုင်ငံ

မြန်မာနိုင်ငံမှာ မြေရှားသတ္တုအလေးစားတွေ ပိုမိုပါဝင်တဲ့ သတ္ထုသိုက်တွေ ရှိနေတယ်လို့ Project Blue ရဲ့သုတေသနဒါရိုက်တာ ဒေးဗစ် မာရီမန်းက CNBC ကို ရှင်းပြပါတယ်။

ဒီသတ္တုသိုက်တွေက “အိုင်ယွန်းနစ်စုပ်ယူမှုမြေစေး” (IAC) အမျိုးအစားတွေပါ။ ဓာတုဗေဒပစ္စည်းတွေ သုံးပြီး မြေစေးထဲကသတ္တုကို ထုတ်ယူတဲ့နည်းနဲ့ တူးဖော်ကြပါတယ်။ ဒီနည်းလမ်းတွေက သဘာဝပတ်ဝန်းကျင်ကို အလွန်အမင်း ထိခိုက်စေပါတယ်။

မာရီမန်း ရဲ့ အဆိုအရ ၂၀၁၀ ပြည့်နှစ် အစောပိုင်းလောက်မှာ ကမ္ဘာ့ IAC သတ္တုတူးဖော်ရေးလုပ်ငန်း အများစုဟာ တရုတ်နိုင်ငံတောင်ပိုင်းမှာ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ပေကျင်းအစိုးရက ပတ်ဝန်းကျင်ထိန်းသိမ်းရေး စံနှုန်းအသစ်တွေ ချမှတ်လိုက်တဲ့အခါ ဒီစီမံကိန်းအများစု ပိတ်သိမ်းခဲ့ရပါတယ်။

“မြန်မာနိုင်ငံမြောက်ပိုင်းဟာ တရုတ်နိုင်ငံက IAC သတ္တုသိုက်ဧရိယာတွေနဲ့ ဘူမိဗေဒ အနေအထားချင်း ဆင်တူတဲ့ အဓိကဒေသတခုအဖြစ် ရှုမြင်ခံခဲ့ရတယ်” လို့ မာရီးမန်း က ပြောပါတယ်။

“ဒါကြောင့် မြန်မာနိုင်ငံထဲမှာ IAC သတ္တုတွင်းအသစ်တွေ အလျင်အမြန် တည်ဆောက်လာကြပါတယ်။ ဒါဟာ တရုတ်ပြည်တွင်းထုတ်လုပ်မှုကို အစားထိုးလိုက်တာပါပဲ။ ဒီစီမံကိန်းတွေမှာ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ပါဝင်ပတ်သက်မှု အများကြီးရှိခဲ့ပါတယ်” လို့ မာရီးမန်းက ပြောပါတယ်။

မြန်မာနိုင်ငံက တူးဖော်ရရှိတဲ့ မြေရှားသတ္တုတွေကို မြေရှားအောက်ဆိုဒ်အနေဖြင့် တရုတ်ကို အဓိကတင်ပို့တယ်လို့ ဝုမက်ကမ်ဇီရဲ့အကြီးတန်းအတိုင်ပင်ခံ ယုဝမ်ကို ပြောပါတယ်။ အဲဒီမှာမှ နောက်တဆင့် သန့်စင်ပြုပြင်မှုတွေ ဆက်လုပ်ကြတာပါ။

“၂၀၂၄ ခုနှစ် Global Witness အဖွဲ့ရဲ့ အစီရင်ခံစာအရ တရုတ်ဟာ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းအများစုကို မြန်မာနိုင်ငံမှာ ရွှေ့ပြောင်းလုပ်ကိုင်လာခဲ့တယ်” လို့ ဆိုပါတယ်။ 

“အဲဒီအတွက် သဘာဝပတ်ဝန်းကျင်နဲ့ ဒေသခံလူထုအ‌ပေါ် ကြောက်မက်ဖွယ်ဆိုးကျိုးတွေ ဖြစ်ပေါ်နေပါတယ်" လို့လည်း ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံအတွက် မြေရှားသတ္တုဆိုင်ရာ စိန်ခေါ်မှုများ

မြေရှားသတ္ထုအတွက် မြန်မာနိုင်ငံကို မှီခိုနေရတာဟာ တရုတ်အတွက် ထောက်ပံ့ရေး ကွင်းဆက်နဲ့ပတ်သက်ပြီး အန္တရာယ်တွေ ရှိလာစေတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ Global Witness ရဲ့ သုတေသနအရ မြန်မာရဲ့ မြေရှားသတ္တုအလေးစားအများစုဟာ တရုတ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ကချင်ပြည်နယ်မြောက်ပိုင်းက ရရှိတာဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီဟာ ဒီနယ်မြေကို ထိန်းချုပ်နိုင်ဖို့ အသည်းအသန် လုပ်ဆောင်နေရပါတယ်။

ဘက်စ်ခါရန်က “လက်ရှိ ပြည်တွင်းစစ်ကြောင့် မြန်မာနိုင်ငံဟာ စီးပွားရေးလုပ်ကိုင်ဖို့အတွက် ယုံကြည်စိတ်ချရတဲ့ နိုင်ငံတနိုင်ငံ မဟုတ်ပါဘူး။ ၂၀၂၄ ခုနှစ်မှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ကမ္ဘာ့‌မြေရှားသတ္တုအလေးစား ထုတ်လုပ်မှုရဲ့ ထက်ဝက်လောက်ရှိတဲ့ နေရာတွေကို သိမ်းပိုက်ခဲ့တယ်" လို့ ပြောပါတယ်။

ဒီလိုသိမ်းပိုက်မှုတွေနောက်မှာ ထောက်ပံ့ရောင်းဝယ်ရေး ပြတ်တောက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ အကျိုးဆက်အနေနဲ့ မြေရှားသတ္တုအလေးစားတချို့ရဲ့ ဈေးနှုန်းတွေ ထိုးတက်သွားခဲ့ပါတယ်။ KIA ဟာ ဒီသယံဇာတတွေကို အသုံးချပြီး ပေကျင်းအစိုးရအပေါ် တန်ပြန်ဖိအားပေးဖို့ လုပ်ဆောင်လိုတယ်လို့  ရိုက်တာသတင်းတစ်ပုဒ်မှာ ဖော်ပြပါတယ်။

တရုတ်အကောက်ခွန်ဌာန အချက်အလက်တွေအရ ၂၀၂၅ ခုနှစ် ပထမ ၅ လမှာ မြန်မာက မြေရှားသတ္တုအောက်ဆိုဒ် တင်သွင်းမှုဟာ မနှစ်ကထက် သုံးပုံတစ်ပုံကျော် ကျဆင်းသွားပါတယ်။

“တကယ်လို့ မြန်မာက မြေရှားသတ္တုကုန်ကြမ်း တင်ပို့မှုအားလုံးကို ရပ်ဆိုင်းလိုက်မယ်ဆိုရင် တရုတ်ဟာ ရေတိုမှာ လိုအပ်ချက်ဖြည့်ဆည်းဖို့ အတော်လေး ရုန်းကန်ရလိမ့်မယ်” လို့ မာရီမန်းက သုံးသပ်ပါတယ်။

ဒါကြောင့် ပေကျင်းအစိုးရက သူ့ရဲ့ မြေရှားသတ္တုအရင်းအမြစ်တွေကို တခြားနေရာတွေမှာ ရှာဖွေလာတာဟာ အံ့ဩစရာတော့ မဟုတ်ပါဘူး။ 

မာရီမန်း ရဲ့အဆိုအရ မလေးရှားနဲ့ လာအိုတို့မှာလည်း တရုတ်ပါဝင်ပတ်သက်မှုနဲ့ တည်ထောင်ထားတဲ့ စီမံကိန်းတချို့ ရှိနေပါတယ်။ ဒါပေမဲ့ အဲဒီနိုင်ငံတွေမှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စံနှုန်းတွေက  ပိုမြင့်နိုင်တာကြောင့် မြေရှားသတ္တု တူးဖော်သူတွေအတွက် စိန်ခေါ်မှုတွေ ရှိလာနိုင်တယ်လို့ သူက ဆိုပါတယ်။

တရုတ်နိုင်ငံကိုယ်တိုင်က မြေရှားသတ္တုတူးဖော်မှုကို လျှော့ချခဲ့တာဟာ တခြားနိုင်ငံတွေအတွက် သတိပေးချက်တခု ဖြစ်နိုင်ပါတယ်။ Caixin မီဒီယာရဲ့ ၂၀၂၂ အစီရင်ခံစာအရ တရုတ်တောင်ပိုင်းက IAC လုပ်ငန်းဟောင်းတွေကြောင့် အဆိပ်သင့်ရေတွေ၊ ညစ်ညမ်းမြေဆီလွှာတွေ ကျန်ရစ်ခဲ့ပြီး ဒေသခံလယ်သမားတွေရဲ့ အသက်မွေးဝမ်းကျောင်းကို ထိခိုက်စေခဲ့တယ်လို့ သိရပါတယ်။

ဒိုင်လန်ဘတ်စ်

Ref: CNBC

(CNBC သတင်း ဝက်ဘ်ဆိုက်တွင်  Dylan Butts ရေးသားထားသည့်  “How war-torn Myanmar plays a critical role in China’s rare earth dominance” သတင်းဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြသည်။)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013