
ချောင်ဦးမြို့နယ်၊ မှန်ချိုကျေးရွာကို စစ်ကောင်စီတပ်က ဇူလိုင် ၂၁ ရက် မနက် ၉ နာရီခွဲလောက်မှာ လက်နက်ကြီးနဲ့ အကြောင်းမဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးတယောက်သေဆုံးပြီး ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် မှန်ချိုကျေးရွာက အသက် ၆ နှစ်အရွယ်က လေးငယ်တယောက် သေဆုံးပြီး ၁၄ နှစ်အရွယ် မိန်းကလေး မသဲအိဖြူအပါအဝင် ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ရတယ်လို့လည်း သိရပါတယ်။
မှန်ချိုရွာသားတယောက်က “ပစ်တာက ချောင်းဦးမြို့ပေါ်ကနေ ပစ်တာဗျ။ ပစ်တဲ့ အလုံးအရေအတွက်က ၄ လုံး နဲ့ ပစ်တာဗျ။ ရွာအရှေ့ပိုင်း ချောင်းဦး-ပခုက္ကူသွားလမ်းမကြီးဘေးမှာ ၂ လုံး ကျရောက် ပေါက်ကွဲတယ်။ နောက်ထပ် ၂ လုံးက ရွာအနာက်ဘက်ကို ကျတယ်ဗျ။ ရွာအရှေ့ပိုင်း ကျရောက်ပေါက်ကွဲတဲ့ ဗုံးသီးထိမှန်ပြီး အသက် ၆ နှစ်အရွယ် မမေရှင်းသန့်ဆိုတဲ့ ကလေးကတော့ နေရာတင်ပွဲချင်းပြီး သေဆုံးရတယ်။ အသက် ၁၄ နှစ်အရွယ်ခန့်ရှိတဲ့ မနှင်းပွင့်ဖြူကတော့ လက်ထိမှန်ဒဏ်ရာရခဲ့တယ်။ နောက်ထပ် အမျိုးသမီးတဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့သေးတယ်” လို့ ပြောပါတယ်။
အခုလို လက်နက်ကြီးကျလို့ သေဆုံးခဲ့ရသူ မမေရှင်းသန့်ဟာ မိသားစုဝင် ၅ ဦးရှိပြီး အငယ်ဆုံးသမီးဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါမိသားစုဟာ သာမာန်နေ့စား အလုပ်သမားမိသားစုလည်းဖြစ်ပြီး စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးလာမှာနဲ့ နောက်ထပ်လက်နက်ကြီးနဲ့ ပစ်ခတ်ခံရမှာ ကြောက်ကြတာကြောင့် မမေရှင်းသန့် အလောင်းကို မနက် ၁၁ နာရီမှာ သင်္ဂြိုဟ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒေသခံပြည်သူ့ကာကွယ် ခေါင်းဆောင်တယောက်က “အဲရွာကို စစ်တပ်က လက်နက်ကြီးနဲ့ အပျင်းပြေ ပစ်နေတာလား မသိဘူး။ လူထိတာရယ်၊ မထိတာရယ်ပဲကွာတယ်။ နေတိုင်းလိုလိုထုနေတာ။ စစ်တပ်ကတော့ သူတို့အာဏာတည်မြဲ ရေးအတွက်ဆို မလုပ်သင့်တာလည်း လုပ်တယ်။ ဘယ်သူကိုမှ ဂရုမစိုက်ဘူးဆိုတဲ့သဘောနဲ့ အရပ်သားများကို ပေါ်ပေါ်တင်တင် တိုက်ခိုက်နေတာဗျ။ အပြစ်မရှိတဲ့ရွာတွေဆီကို အခုလိုပစ်လို့ ဒီနေ့ မှန်ချိုရွာက နေအိမ် ၁ လုံး ပျက်စီးတယ်။ ကလေတဦးသေတယ်။ နောက်ထပ် အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်။ ဒီဖြစ်စဥ်နဲ့ ပက်သက်ပြီး ဘာမှတ်ချက်ပြု ပြောချင်လဲဆိုတော့ စစ်တပ်ကို လုံဝမကျေနပ်ဘူးလို့ပဲ ပြောချင်တာပါပဲ” လို့ ပြောပါတယ်။
မှန်ချိုရွာဟာ အိမ်ခြေ ၁၀၀၀ ကျော်ရှိပြီး ချောင်းဦးမြို့ တောင်ဘက် ၃ မိုင်နဲ့ ၃ ဖာလုံဝေးတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေ ၁၂ ရက် မနက် ၉ နာရီကျော်မှာလည်း မှန်ချိုရွာကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲပြီး လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ၃ ယောက် သေဆုံးပြီး လူနေအိမ်တွေ ပျက်စီးခဲ့သလို အိမ်မွေးတိရစ္ဆာန်တွေလည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။











