DVB Logo
Home
မြန်မာသတင်း
ငဖဲတွင် စစ်တပ်က ဗုံးကြဲသဖြင့် အဘွားအို ၁ ဦးသေဆုံး
DVB
·
July 21, 2025
ငဖဲတွင် စစ်တပ်က ဗုံးကြဲသဖြင့် အဘွားအို ၁ ဦးသေဆုံး
Donate to DVB

မကွေးတိုင်း၊ ငဖဲမြို့နယ်ထဲကို စစ်ကောင်စီတပ်က ဇူလိုင် ၁၈ ရက်နေ့ မနက် ၁၁ နာရီဝန်းကျင်မှာ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့လို့ သက်ကြီးရွယ်အို အမျိုးသမီး ၁ ယောက် သေဆုံး၊ အမျိုးသမီးငယ် ၁ ယောက် ဒဏ်ရာရပြီး လူနေအိမ်တွေလည်း ပျက်စီးခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့-အရှို (CDF Asho) ဆီကနေ သိရပါတယ်။

ချင်းကာကွယ်ရေးတပ်ဖွဲ့-အရှို (CDF Asho) ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူက “နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ် ဗျူဟာကုန်းအောက် ၂ မိုင်ဝန်းကျင်မှာရှိတဲ့ နောင်ရွာထဲကို ဒရုန်းနဲ့​ဗုံး ၂ လုံး ကြဲသွားတာပါ။ ၁ လုံးက ရွာပြင်ကျပြီးတော့ နောက် ၁ လုံးက အဲဒီရွာထဲက အိမ်ပေါ်ကို တည့်တည့်ကျလို့ အသက် ၈၈ နှစ်အရွယ် သက်ကြီးရွယ်အို အမျိုးသမီး ၁ ယောက် နေရာမှာတင် သေဆုံးသွားခဲ့ပါတယ်။ သူ့မိသားစုဝင်ဖြစ်တဲ့ အသက် ၂၀ လောက်ရှိတဲ့ အမျိုးသမီးကတော့ အရမ်းကြီးမစိုးရိမ်ရတဲ့ဒဏ်ရာရခဲ့လို့ ဆေးကုသပေးနေရပါတယ်” လို့ ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်း သေဆုံးသူရဲ့ နေအိမ်ကတော့ လုံးဝပျက်စီးသွားပြီး အနီးဝန်းကျင်က လူနေအိမ်တချို့လည်း ဗုံးစထိမှန်ပျက်စီးခဲ့သေးတယ်လို့လည်း ဆိုပါတယ်။

CDF Asho ရဲ့ ပြောရေးဆိုခွင့်ရှိတဲ့ ဆလိုင်းရိုးချင် က “နောင်ရွာဟာ တိုက်ပွဲဖြစ်မရှိဘဲ စစ်တပ်ရဲ့ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခံရတာလို့ ပြောရမယ်။ အပြစ်မရှိ၊ တိုက်ပွဲနဲ့ မပတ်သက်တဲ့ ရွာတွေက ပြည်သူတွေကို လေကြောင်းနဲ့ အကြောင်းမဲ့​တိုက်ခိုက်နေတဲ့ စစ်တပ်ရဲ့ စစ်ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်တွေကိုလည်း ကျနော်တို့ အပြင်းအထန် ရှုတ်ချတယ်။ ဒါပေမဲ့ နတ်ရေကန်စခန်းနားမှာတော့ တိုက်ပွဲတွေက လချီဖြစ်နေတယ်။ အဲဒီမှာတော့ လေကြောင်းကနေ မျိုးစုံသုံးပြီး ခုခံနေတာတွေရှိတယ်” လို့ DVB ကို ပြောပါတယ်။

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကောင်စီတပ်ရဲ့ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေး တပ်စခန်းအနီးဝန်းကျင်မှာရှိကြတဲ့ ပြည်သူတွေအနေနဲ့ စစ်ရေးသတိအမြဲရှိကာ သတိဝီရိယကြီးစွာထားပြီး နေထိုင်သွားလာကြဖို့ တိုက်တွန်းလိုတယ်လို့လည်း သူက ဆက်ပြောပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာ စစ်ကောင်စီတပ်ရဲ့ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေး တပ်စခန်းကို အလုံးစုံသိမ်းပိုက်နိုင်ဖို့ တိုက်ခိုက်နေကြတာ လချီကြာမြင့်နေပြီ ဖြစ်သလို စစ်ကောင်စီဘက်ကလည်း ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အဲဒီစခန်းဆီကို လူအင်အားနဲ့ ရိက္ခာတွေ ထပ်မံပို့ဆောင်တာတွေ ရှိနေတယ်လို့လည်း ငဖဲအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

Photo : CDF Asho

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013