DVB Logo
Home
မြန်မာသတင်း
မန္တလေးတိုင်း မြို့နယ်အချို့ကို စစ်တပ်က ၂ ရက်ဆက် ဗုံးကြဲ၊ ပြည်သူထောင်ချီ တိမ်းရှောင်နေရ
DVB
·
July 20, 2025
မန္တလေးတိုင်း မြို့နယ်အချို့ကို စစ်တပ်က ၂ ရက်ဆက် ဗုံးကြဲ၊ ပြည်သူထောင်ချီ တိမ်းရှောင်နေရ
Donate to DVB

မန္တလေးတိုင်းအတွင်းက မြင်းခြံ၊ နွားထိုးကြီးနဲ့ မလှိုင်မြို့နယ်တွေထဲကို စစ်ကောင်စီတပ်က ဇူလိုင် ၁၈ ရက်နဲ့ ၁၉ ရက်နေ့တွေမှာ ၂ ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် သံဃာတော်တွေအပါအဝင် ပြည်သူတချို့ ဒဏ်ရာရရှိခဲ့ကြကာ သာသနိကအဆောက်အအုံတွေနဲ့ လူနေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

နွားထိုးကြီးမြို့နယ် ပကဖ ဆေးတပ်ရင်းရဲ့တပ်ဖွဲ့၀င်တယောက်က “တိုက်ပွဲဖြစ်တာမရှိဘဲနဲ့ အောင်သာရွာ သိမ်တော်ကုန်းဘုန်းတော်ကြီးကျောင်းကို ၁၈ ရက်နေ့ ည ၁၀ နာရီခွဲလောက်မှာ Jet Fighter နဲ့ ဗုံး ၂ လုံးကြဲသွားတာပါ။ အဲ့ဒိကျောင်းမှာက ကျန်းမာရေးမကောင်းတဲ့ ဘုန်းကြီးအိုကြီး တပါးတည်းရယ်။ အဲဒီဘုန်းကြီးကတော့ တော်သေးလို့ ဒဏ်ရာနည်းနည်းလောက်ပဲရခဲ့တယ်” လို့ ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် အဆိုပါ ဘုန်းကြီးကျောင်းအတွင်းက စေတီတွေ၊ ကျောင်းဆောင်တွေနဲ့ ကျောင်းအုတ်တံတိုင်းတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ဇူလိုင် ၁၈ ရက်နေ့ ညနေမှာလည်း မြင်းခြံမြို့နယ်ထဲက ဖက်ပင်အိုင်ရွာ ဘုန်းကြီးကျောင်းကို  မိတ္ထီလာလေတပ်ကနေတက်လာတဲ့ ပါရာမော်တာ ၃ စီးနဲ့ တိုက်ပွဲဖြစ်ပွားနေတာမရှိဘဲ ဗုံးကြဲချခဲ့လို့ သံဃာတော်တပါးနဲ့ ပြည်သူတယောက် ဒဏ်ရာရရှိခဲ့ကြတယ်လို့ MBT မြင်းခြံကျားမဲအဖွဲ့ရဲ့တာဝန်ခံက ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ဇူလိုင် ၁၉ ရက်နေ့၊ မနက်စောပိုင်းမှာတော့ မလှိုင်မြို့နယ်ထဲက ကျေးရွာတွေကို စက်တပ်လေထီးတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြသေးလို့ ဒေသခံပြည်သူတ ယောက် ဒဏ်ရာရရှိပြီး လူနေအိမ် ၆ လုံးထက်မနည်း ပျက်စီးခဲ့တယ်လို့လည်း သိရပါတယ်။

မလှိုင်မြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံက “မနက်စော ၅ နာရီလောက်မှာ ရွာချင်းကပ်နေတဲ့ လယ်ဖျားရွာနဲ့ တောင်ရိုးတဲရွာတွေကို စက်တပ်လေထီး ၄ စီးနဲ့ ၁၂၀ မမ ဗုံးသီး ၁၂ လုံးကြဲသွားတယ်။ တောင်ရိုးတဲရွာကတော့ အသက် ၄၀ အရွယ်လောက် အမျိုးသမီးတယောက် မစိုးရိမ်ရဒဏ်ရာရခဲ့ကြတယ်။ ရွာ ၂ ရွာက လူနေအိမ် ၆ လုံးလည်း ပျက်စီးခဲ့ပါတယ်။ တိုက်ပွဲဖြစ်တာ၊ သူတို့ဘက်က စစ်ကြောင်းထိုးတာတွေမရှိဘဲ အကြောင်းမဲ့တိုက်ခိုက်သွားတာပါ” လို့ DVB ကို ပြောပါတယ်။

ဗုံးကြဲခံရတဲ့ အဲဒီကျေးရွာတွေက ဒေသခံပြည်သူ ၁၀၀၀ ကျော်ကတော့ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။

အဆိုပါကျေးရွာတွေဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စိုးမိုးနယ်မြေတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်ထဲမှာလည်း ဇူလိုင် ၈ ရက်ကစတင်ပြီး ဇူလိုင် ၂၀ ရက်အထိ တိုက်ပွဲပြင်းထန်ဖြစ်ပွားနေတာကြောင့် ဒေသခံပြည်သူ ထောင်နဲ့ချီ နေရပ်စွန့်ခွာ  နေကြရပါတယ်။

စစ်ကောင်စီတပ်က ငါန်းဇွန်မြို့နယ်အတွင်းကို စစ်ကြောင်း ၃ ကြောင်းနဲ့ အင်အားအလုံးအရင်းအသုံးပြုပြီး ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲဖြစ်‌နေတာလို့ ပါတယ်။

နတ်ကြီးဒေသခံရွာသားတယောက်က “စစ်တပ်က ဇူလိုင် ၈ ရက်က စတင်ပြီး ငါန်းဇွန်နယ်အနောက်ခြမ်းက မြို့သာ၊ ငါန်းဇွန်နဲ့ ငါန်းမြာကြီး ဘက်ကနေ သုံးဖွဲ့ ညှပ်ပြီး အင်အားအလုံးအရင်း နဲ့ စစ်ကြောင်းထိုးနေတာဗျ။ တိုက်ပွဲက အဲနေ့ကတည်းကစဖြစ်တာ။ တိုက်ပွဲ စဖြစ်တဲ့ နေ့ကတည်းက ငါန်းမြာကြီးအုပ်စုထဲက ကျေးရွာများအပါအဝင် ငါန်းဇွန်နယ် အနောက်ခြမ်းမှာရှိတဲ့ ပေါက်တော၊ နတ်ကြီး၊ လက်ပံကျင်း၊ ရွာတန်းရှည်၊ ညောင်ပင်ရိုး၊ သားကျင်၊ ဇောင်ဂျမ်းကုန်း၊ မန်းကျီးကြပ်၊ ဖောင်းကတော၊ ညောင်လေးပင်၊ ရွာဘို မြောက်ရွာ၊ ရွာဘို တောင်ရွာ၊ သပြေကန်လေး၊ ဆပ်ပြာကျင်းရွာ စတဲ့ ကျေးရွာများအပါဝင် ရွာပေါင်း၂၀ ကျော်က ဒေသခံပြည်သူ ထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေကြရတယ်ဗျ” လို့  ပြောပါတယ်။

စစ်ကောင်စီတပ်ကတော့ မြေပြင်စစ်ကြာင်းထိုးတာကိုလည်း ရပ်တန့်ခြင်းမရှိသေးသလို ဝေဟင်က နေပါ လေကြောင်းပစ်ကူပေးပြီး စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။

ငါန်းဇွန်မြို့နယ် ပအဖအဖွဲ့ဝင် တာဝန်ရှိသူတယောက်က “ကျနော်တို့ အတတ်နိုင်ဆုံး ပြည်သူတွေ မထိအောင် ကာပစ်ပေးနေပါတယ်။ သူတို့ဝင်လို့ရသွားတဲ့ ရွာတွေကိုတော့ စစ်တပ်က မီးရှို့တာတွေ လုပ်တယ်။ အခုဆိုရင် ကုန်းလည်နဲ့ သပြေသာလေး ကျေးရွာတွေကို မီးရှို့ထားတယ်။ ပြည်သူပိုင်ပစ္စည်းတွေလည်း ခိုးယူတာတွေလည်း ပြုလုပ်တယ်။ စစ်ဘေးရှောင်တွေကိုလည်း ကျနော်တို့ စားမဲ့ရိက္ခာထဲကနေ မျှပေးပြီး ကူညီပေးထားရတယ်။ ရက်ရှည်လာတော့ စစ်ဘေးရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အမိုးအကာများလည်း အရေးပေါ်  လိုအပ်တာတွေ ရှိနေတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်မှာလည်း စစ်ကောင်စီစစ်ကြောင်းက အလစ်ဝင်တိုက်ခိုက်လို့ တော်လှန်ရေးအဖွဲ့တခုရဲ့ စခန်းတခုကျဆုံးပြီး ရဲဘော်အများအပြားဖမ်းဆီးခံခဲ့ရတယ်လို့ တော်လှန်ရေးအဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဇူလိုင် ၃ ရက်ကလည်း မြင်းခြံနဲ့ ငါန်းဇွန်နယ်အစပ်မှာ ငါန်းဇွန်မြို့နယ်ကနေ ဆုံရွာဘက်ကို ရိက္ခာလာပို့တဲ့ စစ်ယာဉ်တန်းကို မြင်းခြံခရိုင်တပ်ရင်း ၇ အဖွဲ့က ဦးဆောင်ပြီး မဟာမိတ်အဖွဲ့က ပူး ပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃၀ ကျော် သေးဆုံးခဲ့ပြီး သုံ့ပန်း၊ ကား ၂ စီးနဲ့ လက်နက်တွေ သိမ်းဆည်း ရရှိခဲ့ပြီးနောက် အခုလို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ပြန်ဆင်လာတာလို့ ဒေသခံတွေက ခန့်မှန်းပြောဆို နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013