
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှားကွဲရွာဇက်ဆိပ်ကို စစ်ကောင်စီတပ်က ဇူလိုင် ၁၇ ရက် ညနေ ၅ နာရီလောက်မှာ လေကြောင်းကနေဗုံးကြဲတာကြောင့် မိုးကုတ်မြို့ကိုပြန်လာတဲ့ ခရီးသွားတယောက် သေဆုံးခဲ့တယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။
ဖြစ်စဉ်ကို သိသူတယောက်က “မနေ့က ရှားခွဲဇက်ဆိပ်ကိုဗုံးကြဲတာ မိုးကုတ်ကိုပြန်လာတဲ့ အမျိုးသားတဦးသေဆုံးတယ်။ ကားပေါ်က အခြားနှစ်ယောက်လည်း ဒဏ်ရာပြင်းထန်တယ်။ ကားလည်းမီးလောင်သွားတယ်” လို့ ပြောပါတယ်။
မန္တလေးဆိပ်ကမ်းကနေ စစ်ကောင်စီရဲ့ စစ်သင်္ဘောနဲ့ရေယာဉ်တွေ ဧရာဝတီမြစ်ကြောင်းတလျှောက် အထက်ကိုဆန်တက်လာတာကြောင့် မိုးကုတ်-မန္တလေး ဇက်ကူးတဲ့ ထုံးကြီးဇက်ဆိပ်ကိုလည်း ယာယီပိတ်ထားတယ်လို့ သိရပါတယ်။
မိုးကုတ်ဒေသခံတယောက်က “စစ်သင်္ဘောတွေက တောက်လျှောက်တက်လာလို့ ဇက်ဆိပ်ပိတ်ထားတာတဲ့။ ပြင်ဦးလွင်လမ်းကနေ သွားလို့ရပါတယ်။ ကုန်တွေတော့ ပိတ်မိနေတယ်” လို့ ပြောပါတယ်။
မြစ်ကြောင်းတလျှောက်ဆန်တက်လာတဲ့ စစ်သင်္ဘောတွေဟာ ဇူလိုင် ၁၈ ရက် မနက်မှာ ထုံးကြီး မြစ်ကမ်းဝန်းကျင်ကို ရောက်ရှိနေပြီလို့သိရပါတယ်။










