
မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် ဇူလိုင် ၁၇ ရက်နေ့က စစ်ကောင်စီက စက်တပ်လေထီးနဲ့တိုက်ခိုက်လို့ ၈ တန်းကျောင်းသား ၁ ယောက် ခေါင်းပြတ်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ရေစကြိုမြို့နယ် ပကဖ ရဲ့ ပြန်ကြားရေးတာဝန်ခံက “ပခုက္ကူတပ်မ ၁၀၁ ထဲကတက်လာတဲ့ ပါရာမော်တာက အဲဒီနေ့ နေ့လယ် ၂ နာရီလောက်မှာ ကျနော်တို့ ရေစကြိုမြို့နယ်ထဲက မောကက္ကလန်ရွာထဲကို ၁၂၀ မမ ဗုံး ၂ လုံး ဆက်တိုက်ကြဲသွားတာပါ။ ဗုံး ၁ လုံးက အဲဒီရွာထဲက အိမ်တလုံးပေါ်ကိုတည့်တည့်ကျပြီး ၁၅ နှစ်အရွယ် ၈ တန်းကျောင်းသားလေး ၁ ယောက် ခေါင်းပြတ်သေဆုံးသွားပါတယ်” လို့ ပြောပါတယ်။
ဗုံးကြဲတိုက်ခိုက်လို့ လူနေအိမ် ၁ လုံးပျက်စီးသွားခဲ့သလို အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၁ ယောက်တို့ မစိုးရိမ်ရတဲ့ဒဏ်ရာတွေရရှိခဲ့ကြတယ်လို့လည်း ဆိုပါတယ်။
ရေစကြို ပကဖ ရဲ့ တာဝန်ခံ ကိုဝေကြီး က “ရေစကြိုနယ်ထဲမှာ တိုက်ပွဲတွေငြိမ်နေတာကြာပါပြီ။ တိုက်ပွဲတွေငြိမ်နေပေမယ့်လည်း စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုတွေကတော့ ဆက်တိုက်လုပ်နေတယ်။ အခုနှစ် ပထမ ၆ လထဲမှာကို လေကြောင်းတိုက်ခိုက်မှုက အရမ်းစိပ်နေတယ်။ အဲဒါကြောင့်မို့လို့ ပြည်သူတွေအနေနဲ့က လေကြောင်းရန်ကို အချိန်မရွေး နားစွင့်ထားကြဖို့နဲ့ လေယာဉ်နဲ့ပါတာမော်တာသံကြားရင်လည်း ဗုံးခိုကျင်းတွေထဲမှာဝင်နေကြဖို့ အဓိကပြောချင်တာပါ” လို့ DVB ကို ပြောပါတယ်။
ဇူလိုင် ၁၅ ရက်နေ့ ညပိုင်းကလည်း ရေစကြိုမြို့နယ်ထဲက ကမ္ဘဲ့ကျေးရွာထဲကို ရေစကြို ခလရ ၂၅၈ ထဲကပစ်လိုက်တဲ့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့လို့ ရေစကြိုပကဖရဲဘော် ၁ ယောက်နဲ့ သူ့ရဲ့ဇနီးဖြစ်သူနဲ့ CDM ကျောင်းဆရာမ ၁ ယောက်၊ ကမ္ဘဲ့ရွာသားလူငယ် ၁ ယောက်တို့ သေဆုံးခဲ့ရသလို ပြည်သူ ၄ ယောက်ထက်မနည်းလည်း ဒဏ်ရာရတွေရရှိခဲ့ကြပါသေးတယ်။











