DVB Logo
Home
မြန်မာသတင်း
စစ်ရေးပဋိပက္ခကြောင့် ရခိုင်တောင်သူများ လယ်ယာလုပ်ငန်း အပြည့်မလုပ်နိုင်
DVB
·
July 19, 2025
စစ်ရေးပဋိပက္ခကြောင့် ရခိုင်တောင်သူများ လယ်ယာလုပ်ငန်း အပြည့်မလုပ်နိုင်
Donate to DVB

ဒေသတွင်း စစ်ရေးပဋိပက္ခတွေကြောင့် ၂ နှစ်ဆက်တိုက် အရှုံးနဲ့ ရင်ဆိုင်နေကြရတဲ့ ရခိုင်က တောင်သူတွေဟာ အခုနှစ် စိုက်ပျိုးရာသီမှာ လယ်ယာလုပ်ငန်းကို အပြည့်အဝ မလုပ်နိုင်တော့ဘဲ တဝက်ခန့်အထိ လျှော့ချ စိုက်ပျိုးနေကြရတယ်လို့ တောင်သူတွေက ပြောပါတယ်။

ရခိုင်မှာ တိုက်ပွဲတွေ ပြင်းထန်ပြီးနောက် ဆန်စပါးတွေ ရောင်းမထွက်တာနဲ့ သွင်းအားစုတွေ ဖြစ်တဲ့ ဓာတ်မြေဩဇာ၊ စက်သုံးဆီနဲ့ စက်ပစ္စည်းတွေဟာ အဆမတန် မြင့်တက်မှုတွေကြောင့် လယ်သမားတွေမှာ အရှုံးတွေနဲ့ ရင်ဆိုင်နေကြရတာလည်း ဖြစ်ပါတယ်။

အဲဒီလို အရှုံးတွေနဲ့ ရင်ဆိုင်နေကြရတာကြောင့် အခု ၂၀၂၅ ခုနှစ် မိုးရာသီ စိုက်ပျိုးချိန်မှာ လယ်ယာစိုက်ပျိုးမှုကို တဝက်ခန့် လျှော့ချ စိုက်ပျိုးနေကြရတယ်လို့ ကျောက်တော်မြို့နယ်က လယ်သမားတယောက်ဖြစ်တဲ့ ဦးဖိုးစံက ပြောပါတယ်။

“ရခိုင်က တောင်သူတွေက ၂၀၂၃ ခုနှစ်ကတည်းက အရှုံးနဲ့ ရင်ဆိုင်နေကြရတာ။ ထွက်လာတဲ့ စပါးတွေက တန်ဖိုးမရှိဘူး။ သွင်းအားစုတွေကျတော့ အရင်ထက် ဈေး ၃ ဆကနေ ၅ ဆအထိ မြင့်တက်သွားတော့ ဘယ်လိုမှ အဆင်မပြေတော့ဘူး။ အရှုံးပေါ်လာကျတော့ လယ်သမားတွေဟာ လယ်လုပ်ငန်းကို မလုပ်နိုင်ကြတော့ဘူး။ တချို့က လုံးဝမစိုက်ပျိုးတော့ဘူး။ တချို့က လျှော့ပြီးတော့ စိုက်ပျိုးကြတယ်။ ဥပမာ ဧက ၂၀ ရှိတဲ့သူက ၁၀ ဧကလောက်ပဲ စိုက်နိုင်တော့တယ်။ ခန့်မှန်းခြေဆိုရင်တော့ ရခိုင်မှာ ဒီနှစ် လယ်စိုက်ပျိုးနိုင်တာ တဝက်လောက်အထိ လျော့ကျသွားတယ်။”

ရခိုင်မှာ ၂၀၂၃ ခုနှစ်ကတည်းက ရခိုင်ပြည်ကထွက်ရှိတဲ့ ဆန်စပါးတွေကို ပြည်မနဲ့ ပြည်ပနိုင်ငံတွေကို တင်ပို့နိုင်ခြင်းမရှိကြဘဲ ရခိုင်ပြည်အတွင်းမှာပဲ အနိမ့်ဆုံးဈေးတွေနဲ့ ရောင်းချနေကြရတာလည်း ဖြစ်ပါတယ်။

အာရက္ခတပ်တော်က ဦးစီးပြီး ဖွဲ့စည်းထားတဲ့ ရခိုင်ကုန်သည်ကြီးများအသင်းက ဆန်စပါးတချို့ကို ဝယ်ယူမှု ပြုလုပ်ပေမဲ့လည်း လယ်သမားတယောက်ဆီက တင်း ၂၀၀ နီးပါးလောက်သာ ဝယ်ယူတာကြောင့် ထွက်ကုန်နဲ့ ဝယ်လိုအား ဘယ်လိုမှ မမျှဘူးလို့ ရခိုင်တောင်သူတွေက ပြောဆိုကြပါတယ်။

အခုနှစ် စိုက်ပျိုးရာသီမှာ ရခိုင်ပြည်အတွင်း စိုက်ပျိုးရေးသွင်းအားစုစရိတ်တွေ ဖြစ်တဲ့ ဓာတ်မြေဩဇာတအိတ်ကို ကျပ်ငွေ ၂၅၀,၀၀၀ ကနေ ၅၀၀,၀၀၀ ကျပ်အထိ ရှိနေပြီး စက်သုံးဆီ ဒီဇယ်တပေပါကိုလည်း ကျပ်ငွေ ၁၈ သိန်း ပေါက်ဈေးရှိနေကာ စက်ပစ္စည်းတွေမှာလည်း အရင်နှစ်တွေကထက် ၄ ဆနီးပါး မြင့်တက်နေတာဖြစ်တယ်လို့ လယ်သမားတွေဆီက သိရပါတယ်။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲဖြစ်ပွားနေတဲ့ ၂ နှစ်အတွင်းမှာ လယ်သမားတွေရဲ့ စီးပွားရေး အခြေအနေဟာ ထိုးကျနေတဲ့ အနေအထား ရှိနေပြီး လယ်ယာလုပ်ငန်းကို မလုပ်ကိုင်နိုင်တော့တဲ့ အခြေအနေနဲ့ ရင်ဆိုင်လာကြရတာဖြစ်တယ်လို့ မြောက်ဦးမြို့နယ်က လယ်သမားတယောက် ဖြစ်တဲ့ ဦးသိန်းမောင်က ပြောပါတယ်။

“ရခိုင်မှာ တိုက်ပွဲဖြစ်ကတည်းက ထုတ်ကုန်တွေက ဝယ်သူမရှိဘဲ တန်ဖိုးကျဆင်းနေတာ။ ဆန်စပါးက ဈေးမရတော့ လယ်သမားတွေမှာ စီးပွားရေးက တနှစ်ထက်တနှစ် အကျဘက်ကိုပဲ ရောက်လာတယ်။ သွင်းအားစုက တနှစ်ထက်တနှစ် မြင့်တက်လာနေချိန်မှာ ထွက်လာတဲ့ ဆန်စပါးတွေက တန်ဖိုးကျဆင်းလာတော့ လယ်တောင် အပြည့်မလုပ်နိုင်ကြတော့ဘူး။ ULA အစိုးရဘက်ကလည်း လယ်သမားတွေအပေါ် ဘာမှ ထိထိရောက်ရောက် လုပ်ပေးတာမျိုး မရှိဘူး။”

ရခိုင်ပြည်နယ်မှာ အခုနှစ်အတွင်း စပါးတင်း ၁၀၀ ကို ငွေကျပ် သိန်း ၂၀ သာ ပေါက်ဈေးရှိနေပြီး လယ်တဧကရဲ့ ထွန်ယက်စိုက်ပျိုးစရိတ်အဖြစ် ကျပ်ငွေ ၁၀ သိန်းနီးပါးအထိ ပေါက်ဈေးရှိနေတာကြောင့် အရှုံးနဲ့ ရင်ဆိုင်နေကြရတာဖြစ်တယ်လို့ လယ်သမားတွေက ပြောကြပါတယ်။

ရခိုင်ပြည်နယ်မှာ လယ်ဧက စုစုပေါင်း ၁၂ သိန်းရှိတဲ့အထဲက အခုနှစ်မှာ လယ်ဧက ၅ သိန်းနီးပါးသာ စိုက်ပျိုးနိုင်ကြတယ်လို့ ရခိုင်သမားအရေး ဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းတွေက ခန့်မှန်းထားကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013