DVB Logo
Home
မြန်မာသတင်း
ရုရှားကို မြန်မာအမျိုးသမီးလုပ်သားများ စေလွှတ်မည် 
DVB
·
July 18, 2025
ရုရှားကို မြန်မာအမျိုးသမီးလုပ်သားများ စေလွှတ်မည် 
Donate to DVB

ရုရှားနိုင်ငံဆီ မြန်မာနိုင်ငံက အမျိုးသမီးလုပ်သားတွေ စေလွှတ်သွားမယ်လို့ စစ်ကောင်စီခွင့်ပြုချက်ရ ရှိထားတဲ့ AVA Academy နိုင်ငံတကာ ဘာသာစကားသင်တန်းကျောင်းက ကြေညာထားပါတယ်။

AVA Academy က Vista အေဂျင်စီနဲ့ပူးပေါင်းပြီး ရုရှားနိုင်ငံဆီ မြန်မာလုပ်သားတွေကို ပို့ဆောင်နေတာဖြစ်ပြီး ရှေးပြေးအနေနဲ့အလုပ်သမား ၅၀ ကျော်ပို့ထားကာ နောက်ထပ်စေလွှတ်မယ့်  အသုတ်တွေမှာ အမျိုးသမီးတွေလည်း ပါဝင်မှာဖြစ်တယ်လို့ အသိပေးထားတာပါ။

လက်ရှိမှာ အဆောက်အအုံ အတွင်းပိုင်းတွေကို ဆေးသုတ်ရမယ့် လုပ်ငန်းအတွက် အမျိုးသမီး  အယောက် ၅၀ ကို အလုပ်ခေါ်စာနဲ့ ခေါ်မယ်လို့ အဲဒီသင်တန်းကျောင်းက ကြေညာထားပါတယ်။

အဲဒီလုပ်ငန်းအတွက် တလကိုလစာ အမေရိကန်ဒေါ်လာ ၂၅၀၀ လောက်ရမယ်လို့ ကြေညာပေမဲ့ အမှန်တကယ်ရမယ် မရဘူးဆိုတာကိုတော့ သေချာမသိရပါဘူး။  အသက် ၁၈ ကနေ ၂၂ နှစ်အတွင်းရှိ အခြေခံပညာအထက်တန်းအဆင့်ရှိ အမျိုးသမီးတွေလျှောက်လို့ရတယ်လို့ ဆိုပါတယ်။

အလုပ်လျှောက်သူတွေအနေနဲ့ သြဂုတ်လမှာ အင်တာဗျူး ဖြေဆိုရမှာဖြစ်ပြီး အင်တာဗျူး ဖြေဆိုချိန်မှာ ပတ်စ်ပို့ သက်တမ်း ၃ နှစ်အထက် ရှိရမှာဖြစ်ကာ တလတာ ရုရှားဘာသာ၊ အင်္ဂလိပ်ဘာသာနဲ့ အခြေခံ ဆေးသုတ်ပညာရပ် အချိန်ပြည့်သင်တန်းတက်ရမယ်လို့ ဆိုပါတယ်။

အလုပ်စေလွှတ်မယ့် အခြေအနေနဲ့ပတ်သက်လို့အသေးစိတ်သိရအောင် AVA Academy သင်တန်းကျောင်းရဲ့ ဖုန်းနံပါတ်ကို ဆက်သွယ်မေးမြန်းပေမဲ့ ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။

ရုရှားနိုင်ငံဆီအလုပ်သမားစေလွှတ်ခွင့်ကို စစ်ကောင်စီနဲ့ပတ်သက်တဲ့ သူတွေပဲ လက်ဝါးကြီးအုပ် လုပ်ခွင့်ရထားတာလို့   အေဂျင်စီလုပ်ငန်းအသိုက်အဝန်းက ဆိုပါတယ်။

ပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ငန်းရှင်တယောက်က "သာမန်သူတွေအတွက်လည်း ချိတ်ဆက်ဖို့မလွယ်ဘူး။ အဲဒီလိုဆိုတော့ လုပ်သားစျေးကွက်ကြီးကြီး ဖြစ်လာဖို့မမြင်ဘူး"လို့ ပြောပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ရုရှားနိုင်ငံကို အလုပ်သမားစေလွှတ်ဖို့ကို သူ့ရဲ့ခရီးစဥ်တွေမှာ ချိတ်ဆက်ခဲ့တာဖြစ်ပြီး ဒီနှစ်မတ်လမှာ မြန်မာလုပ်သား ၂၄ ယောက်ကို ရှေ့ပြေးအစီအစဥ်နဲ့ ပထမဆုံး ပို့ဆောင်ခဲ့ပါတယ်။

စစ်ကောင်စီအနေနဲ့ တခြားပြည်ပနိုင်ငံတွေဆီ အလုပ်သမားစေလွှတ်တာနဲ့ပတ်သက်လို့ အသက်နဲ့ အေဂျင်စီအလိုက် ခွဲတမ်းသတ်မှတ်ကန့်သတ်ထားပြီး ရုရှားနိုင်ငံအတွက်တော့ စစ်မှုထမ်းအသက် အကျုံးဝင်သူတွေပါ သွားရောက်ခွင့်ပြုထားပါတယ်။

အဲဒီလို အလုပ်သမားစေလွှတ်ရေးနဲ့ပတ်သက်လို့ နှစ်ဖက် MOU လက်မှတ်ရေးထိုးဖို့ ကြိုးစားနေတယ်လို့လည်း စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013