DVB Logo
Home
မြန်မာသတင်း
ဝက်လက်တွင် စစ်တပ်ဗုံးကြဲသဖြင့် ပြည်သူ ၂၀ ထက်မနည်းသေဆုံး
DVB
·
July 18, 2025
ဝက်လက်တွင် စစ်တပ်ဗုံးကြဲသဖြင့် ပြည်သူ ၂၀ ထက်မနည်းသေဆုံး
1 / 4
Donate to DVB

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့ဘက်ခြမ်းမှာရှိတဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ်က ဇူလိုင် ၁၇ ရက် ညနေ ၅ နာရီခွဲဝန်းကျင်မှာ လေကြောင်းကနေ ဗုံးအများအပြားကြဲချခဲ့လို့ ပြည်သူ  အယောက် ၂၀ ထက်မနည်း သေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့ကြတယ်လို့ Wetlet Informational Network ဆီကနေ သိရပါတယ်။

Wetlet Informational Network ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုနဂါးလေး က “ဝက်လက်အရှေ့ဘက်ခြမ်းမှာရှိကြတဲ့ ရှားကွဲ၊ ငါးပတ်ချောင်းနဲ့ ရေလည်မော်ရွာတွေထဲကို စစ်တပ်က Y12 လေယာဉ်နဲ့ ဗုံးတွေ အများအပြားကြဲချခဲ့တာလို့ သိရတယ်ဗျ။ ကျနော်တို့ သိရတဲ့အခြေအနေတွေအရ သေဆုံးတဲ့ပြည်သူ ၂၀ ကျော်ပါတယ်။ ဒဏ်ရာရတဲ့သူတွေလည်း ​များပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုအတွင်း ရှားကွဲကျေးရွာက ပြည်သူ ၁၀ ယောက် ထက်မနည်း၊ ငါးပတ်ချောင်းကျေးရွာက ပြည်သူ ၁၀ ယောက် ထက်မနည်းနဲ့ ရေလည်မော်ကျေးရွာက ပြည်သူတချို့ပါ သေဆုံးခဲ့တာလို့ ဆိုပါတယ်။

မနေ့ညနေ ၅ နာရီခွဲဝန်းကျင်က ဗုံးကြဲတိုက်ခိုက်ခံရစဥ် အဆိုပါကျေးရွာတွေက သေဆုံးသူဟာ ၁၅ ယောက် ထက်မနည်းသာရှိခဲ့ကြပေမဲ့ ဒဏ်ရာပြင်းထန်သူတွေထဲက ထပ်မံသေဆုံးနေခဲ့ကြတာလို့ ဆိုပါတယ်။

ဝက်လက်မြို့နယ် ပကဖ တာဝန်ခံ ကိုကျော်က “တိုက်ပွဲဖြစ်နေတဲ့ ရွာတွေမဟုတ်ဘူးဗျ။ ဝက်လက်အရှေ့ဘက်က ရှိမ်းမကားရွာနားက ဧရာဝတီမြစ်ထဲမှာ သူတို့ဘက်က စစ်သင်္ဘောတွေအပါအဝင် အရံရေယာဥ် ၁၅ စင်းလောက် ကျောက်ချနေတာတွေရှိတယ်။ ဒီနေ့ အထက်ကို ဆက်တယ်မယ်လို့ သတင်းကြားတယ်။ အဲ့ဒါကြောင့်မို့လို့ မြစ်ဘေးတလျှောက်က ရွာတွေကို ဗုံးကြဲတာဖြစ်နိုင်ပါတယ်။ သေဆုံးသူကတော့ ၂၀ ကျော်ရှိတယ်လို့ ပြောပါတယ်။

အဆိုပါစစ်သင်္ဘောတွေဟာ ဇူလိုင် ၁၈ ရက် ဒီမနက်ပိုင်းမှာတော့ ကျောက်ချထားတဲ့နေရာကနေ စဥ့်ကူးမြို့နယ်ဘက်ကို ဆက်လက်ဆန်တက်သွားကြတယ်လို့ ဆိုပါတယ်။

ဝက်လက်မြို့နယ်ထဲက စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲခံရတဲ့ ကျေးရွာတွေက ထိခိုက်သေဆုံးတဲ့ နောက်ဆက်တွဲအခြေအနေတွေကိုတော့ မသိရသေးပါဘူး။

အဆိုပါ စစ်သင်္ဘောတွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ရိက္ခာနဲ့ စစ်လက်နက်ပစ္စည်းတွေတင်ဆောင်ကာ မန္တလေး ဂေါဝိန်ဆိပ်ကမ်းကနေ ထွက်ခွာလာကြတာဖြစ်ပြီး မြစ်ကြောင်းအတွင်း မောင်းနှင်စဥ်မှာလည်း မြစ်ရိုးတလျှောက်က ကျေးရွာတွေကို လက်​နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့လို့ ပြည်သူ​တချို့ ထိခိုက်သေဆုံးခဲ့ရတယ်လို့လည်း Wetlet Informational Network ဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013