DVB Logo
Home
မြန်မာသတင်း
ရေချယ်တေဇအကြောင်း ဖော်ပြသည့်စာမျက်နှာကို Vogue အီတလီဖက်ရှင်မဂ္ဂဇင်း ဝက်ဘ်ဆိုက်မှ ဖယ်ရှား
DVB
·
July 18, 2025
ရေချယ်တေဇအကြောင်း ဖော်ပြသည့်စာမျက်နှာကို Vogue အီတလီဖက်ရှင်မဂ္ဂဇင်း ဝက်ဘ်ဆိုက်မှ ဖယ်ရှား
Donate to DVB

စစ်အုပ်စုနဲ့ပူးပေါင်း စီးပွားရေးလုပ်နေတဲ့ ခရိုနီသူဌေး ဦးတေဇရဲ့ သမီးဖြစ်သူ ရေချယ်တေဇရဲ့ အကြောင်း ဖော်ပြထားတဲ့ စာမျက်နှာကို Vogue Italia မဂ္ဂဇင်း ဝက်ဘ်ဆိုက်ကနေ ဖယ်ရှားလိုက်တဲ့ အပေါ် ကြိုဆိုတဲ့အကြောင်း Justice For Myanmar အဖွဲ့က ဇူလိုင် ၁၈ ရက် ဒီကနေ့ ထုတ်ပြန်ပါတယ်။

ကမ္ဘာကျော် ထိပ်တန်းဖက်ရှင်မဂ္ဂဇင်းဖြစ်တဲ့ Vogue အီတလီရဲ့ မိခင်ကုမ္ပဏီ Condé Nast ထံ Justice For Myanmar စာပို့ပြီးနောက် အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ မြန်မာခရိုနီ ရေချယ်တေဇ (ထူးထွေးတေဇ) အကြောင်း ဖော်ပြထားတဲ့ အွန်လိုင်းစာမျက်နှာကို Vogue Italia website ကနေ ဖယ်ရှားလိုက်တာ ဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့  စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်မှုတွေနဲ့ OECD ရဲ့ တာဝန်ရှိတဲ့ စီးပွားရေးလုပ်ငန်း ဆောင်ရွက်မှုဆိုင်ရာ လမ်းညွှန်ချက်တွေနဲ့အညီ ဆောင်ရွက်ခဲ့တဲ့ Vogue Italia မဂ္ဂဇင်းရဲ့ လုပ်ဆောင်ချက်ကို ကြိုဆိုတယ်လို့ JFM  ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဦးတေဇရဲ့သမီး ရေချယ်တေဇဟာ ထူးကုမ္ပဏီအုပ်စုမှာ တာဝန်ရှိသူတယောက်ဖြစ်တဲ့အပြင် မြန်မာစစ်တပ်ရဲ့ ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ ထူးအုပ်စုကနေ အမြတ်အစွန်းတွေ ရရှိနေသူ ဖြစ်ပါတယ်။

ထူးအုပ်စုဟာ စစ်လက်နက်ဝယ်ယူဖို့ သဘောတူညီချက်တွေကို ကြားဝင်စေ့စပ်ထားပြီး စစ်အုပ်စုနဲ့ သူ့ရဲ့လုပ်ငန်းစုတွေကို မြေငှားခနဲ့ တခြား မသမာတဲ့ သဘောတူညီချက်တွေကနေတဆင့် ငွေကြေး ထောက်ပံ့ပေးနေတယ်လို့လည်း JFM က ထုတ်ပြန်ပြောပါတယ်။

ရေချယ်တေဇကို အီးယူအဖွဲ့ဝင် အီတလီနိုင်ငံမှာ အခြေချခွင့်မပြုဖို့နဲ့ သူ့ရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ဖို့ Justice For Myanmar (JFM) အဖွဲ့က တောင်းဆိုလိုက်ပါတယ်။

ရေချယ်တေဇဟာ အီတလီနိုင်ငံ မီလန်မြို့မှာ နေထိုင်နေပြီး အဲဒီမြို့မှာရှိတဲ့ ဖက်ရှင်သင်တန်းကျောင်းကနေ ကျောင်းပြီးခဲ့ကာ သူ့ကို ထူးကုမ္ပဏီများအုပ်စုက အမြတ်အစွန်းတွေနဲ့ ထောက်ပံ့ခဲ့တယ်လို့လည်း JFM က ပြီးခဲ့တဲ့နှစ်က ထုတ်ပြန်ခဲ့ဖူးပါတယ်။

သူ အီတလီမှာနေစဉ် ကာလတလျှောက်မှာလည်း အာဏာသိမ်းမှုနောက်ပိုင်းမှ တည်ထောင်ထားတဲ့ ကုမ္ပဏီအသစ်တွေနဲ့ မြန်မာစစ်တပ်နဲ့ တိုက်ရိုက်စီးပွားရေးလုပ်ငန်းရှိတဲ့ ကုမ္ပဏီတွေ အပါအဝင် အနည်းဆုံး ထူးအုပ်စု ကုမ္ပဏီ ၇ ခုမှာ ဒါရိုက်တာ တာဝန် ယူထားတယ်လို့ Justice for Myanmar ရဲ့ ၂၀၂၄ ခုနှစ် မတ်လ ၈ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာစစ်တပ်အတွက် ရုရှားစစ်လေယာဉ်တွေနဲ့ အပိုပစ္စည်းတွေ တင်သွင်းထောက်ပံ့တဲ့ စစ်လက်နက်ပွဲစား ကုမ္ပဏီတခုဖြစ်တဲ့ Myanmar Avia Export ကုမ္ပဏီမှာလည်း ရေချယ်တေဇဟာ  ဒါရိုက်တာနဲ့  ရှယ်ယာရှင်တယောက် ဖြစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

မြန်မာစစ်တပ်နဲ့ တိုက်ရိုက်စီးပွားရေးလုပ်ငန်းရှိတဲ့ ကုမ္ပဏီတွေမှာ ပါဝင်ပတ်သက်နေတဲ့ ရေချယ်တေဇကို အမြန်ဆုံး စစ်ဆေးအရေးယူကာ ပိုင်ဆိုင်မှုတွေ ထိန်းသိမ်းပြီး ပြောင်းရွှေ့ဖယ်ရှားဖို့ Justice for Myanmar အဖွဲ့က အီတလီအာဏာပိုင်တွေကို တိုင်ကြားခဲ့ပါတယ်။

ရေချယ်တေဇရဲ့ ဖခင်ဖြစ်သူ ဦးတေဇကို အီးယူ၊ အမေရိကန်ပြည်ထောင်စု၊ ယူကေနဲ့ ကနေဒါတို့က ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ထားပြီး သူ့ရဲ့အစ်ကိုတွေဖြစ်တဲ့ ပြည့်ဖြိုးတေဇနဲ့ ထူးထက်တေဇတို့ကိုလည်း အမေရိကန်ပြည်ထောင်စု၊ ယူကေနဲ့ ကနေဒါတို့က ဒဏ်ခတ်ပိတ်ဆို့ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013