
အာဇာနည်နေ့ နီးကပ်လာတာကြောင့် ဝန်ကြီးများရုံးနဲ့ အာဇာနည်ကုန်း ပတ်လည်မှာ လုံခြုံရေးအင်အား တိုးမြှင့်ချထားကာ မသင်္ကာသူတွေကို ခေါ်ယူစစ်ဆေးတာတွေ ရှိနေတယ်လို့ ရန်ကုန်မြို့နေ ပြည်သူတွေဆီက သိရပါတယ်။
ကျောက်တံတားမြို့နယ်မှာ နေထိုင်သူတယောက်က “လုံခြုံရေးချထားတဲ့ အင်အားက အတော်များတယ်။ ရဲရော၊ စစ်သားရော မနည်းဘူး။ မနေ့က ဝန်ကြီးများရုံးနားကနေ ဖြတ်သွားတဲ့ လူငယ် ၂ ယောက်ကို ခေါ်စစ်ဆေးတာတွေ့တယ်။ အဲကောင်တွေရှိတဲ့နေရာဆို ရှောင်တာ ပိုကောင်းတယ်” လို့ ပြောပါတယ်။
အာဇာနည်နေ့အတွက် လုံခြုံရေးပြင်ဆင်တဲ့အနေနဲ့ သိမ်ဖြူလမ်းနဲ့ မဟာဗန္ဓုလလမ်း၊ အနော်ရထာလမ်းထောင့်တွေက အရင်ဖျက်သိမ်းထားတဲ့ ဘန်ကာတွေကို ပြန်ထားတာရှိပါတယ်။
ဒါ့အပြင် စစ်သား ၅ ယောက်လောက်က ဝန်ကြီးများရုံးပတ်လည်ကို သေနတ်ကိုင်ပြီး တန်းစီလျှောက် ကင်းလှည့်နေသလို စစ်ကားတွေပတ်တာ၊ ဌာနဆိုင်ရာရုံးဝင်းတွေထဲမှာ ကင်းပုန်းချ စောင့်ကြည့်နေတာတွေ ရှိနေတယ်လို့လည်း ဒေသံတွေက မြေပြင်အခြေအနေကို ပြောပါတယ်။
ဇူလိုင် ၁၉ ရက်နေ့မှာ ကျရောက်တဲ့ အာဇာနည်နေ့အတွက် စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ပေမဲ့ အဲဒီအခမ်းအနားကို အာဏာသိမ်းစစ်ခေါင်းဆောင်တွေ တက်ရောက်လေ့မ ရှိပါဘူး။
ဒါ့အပြင် အာဇာနည်ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထားသလို အာဇာနည်နေ့ အခမ်းအနားတက်ရောက်ခွင့်ကိုလည်း တားဆီးထားပါတယ်။











