DVB Logo
Home
မြန်မာသတင်း
ဆုံးရှုံးမှု၊ နှမြောတသမှုများနှင့် ရွှေညဝါဆရာတော်၏ အန္တိမအဂ္ဂိစျာပန
DVB
·
July 17, 2025
ဆုံးရှုံးမှု၊ နှမြောတသမှုများနှင့် ရွှေညဝါဆရာတော်၏ အန္တိမအဂ္ဂိစျာပန
1 / 12
Donate to DVB

မြန်မာ့ဒီမိုကရေစီအရေးမှာ တက်ကြွစွာပါဝင်ခဲ့သလို နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့တဲ့  ရွှေညဝါဆရာတော် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့တာက သာသနာတော်နဲ့ လူပုဂ္ဂိုလ်တွေအတွက် ဆုံးရှုံးမှုဖြစ်တယ်လို့ ပျော်ဘွယ်ကျောင်းဆရာတော်က မိန့်တော်မူခဲ့ပါတယ်။

မြန်မာ့နိုင်ငံရေး ဒီမိုကရေစီအရေး လှုပ်ရှားမှုမှာ တက်ကြွစွာပါဝင်ခဲ့သူ၊ ထောင်နှစ်ရှည်နဲ့ နိုင်ငံရေးအကျဉ်းသားဘဝကို ဖြတ်သန်းခဲ့ရသူ ရွှေညဝါဆရာတော် အရှင်ပညာသီဟရဲ့ အန္တိမအဂ္ဂိသာဓုကီဠနပူဇာသဘင်ကို ဇူလိုင် ၁၆ ရက်က ရန်ကုန်တိုင်း၊ မှော်ဘီမှာရှိတဲ့ ရွှေညဝါတော့ရ သာသနာပြုကျောင်းဝင်းမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ဆရာတော်ဟာ အသည်းရောဂါဝေဒနာကို ပြည့်စုံစွာ ကုသခွင့်မရခဲ့တာကြောင့် ဇူလိုင် ၁၀ ရက်က ဘဝနတ်ထံ ပျံလွန်တော်မူခဲ့တာဖြစ်ပြီး  ပျံလွန်တော်မူချိန်မှာ သက်တော် ၆၁ နှစ်၊ ဝါတော် ၄၀ ရှိပြီ ဖြစ်ပါတယ်။

ဆရာတော် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့တာဟာ ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်ကြောင်း ပျော်ဘွယ်ကျောင်း ဆရာတော်က မိန့်ပါတယ်။

“ရွှေညဝါဆရာတော်ဘုရားကတော့ ဘုန်းကြီးတို့ရဲ့ ရွာသားအနေနဲ့ ပြောရမယ်ဆိုရင်လည်း တန်ဖိုးဖြတ်လို့မရဘူး။ နယ်ပယ်အနေနဲ့ ပြောရမယ်ဆိုရင်လည်း တန်ဖိုးဖြတ်လို့မရဘူး။ အဲ့တော့ ရွှေညဝါ သာသာနာပြုကျောင်းတိုက် အနေနဲ့ရော၊ ရွှေညဝါ သင်တန်းကြီးအနေနဲ့ရော၊ ရန်ကုန်ဗုဒ္ဓတက္ကသိုလ် အနေနဲ့ရော၊ ဘုန်းကြီးတို့ ဒါယကာ၊ ဒါယိကာမပေါင်း သူတော်ကောင်းတွေ အတွက်ရော၊ တိုင်းပြည်အတွက်ရော ဆုံးရှုံးရတာကတော့ အလွန်နှမြောစရာ ကောင်းပါတယ်။ ဒီလို သတ္တိ၊ ဗျတ္တိ ဂုဏ်နဲ့ ပြည့်စုံတဲ့ သူလိုပုဂ္ဂိုလ်မျိုး ဆိုတာကလည်း ဒါ ပေါ်ပေါက်ဖို့က ခဲယဥ်းပါတယ်။ ပုဂ္ဂိုလ်ထူး ပေါ်ထွန်းဖို့ဆိုတာ မလွယ်ပါဘူး။ သူတပါး ဆုံးရှုံးရတာတော့ တိုင်းပြည်နဲ့ လူမျိုးအတွက် ဘာသာ၊ သာသနာအတွက် အလွန်အင်မတန်မှ နစ်နာတယ်လို့ ဘုန်းကြီးတို့ မြင်ရ၊ သိရပါတယ်။”

ရွှေညဝါဆရာတော်ဟာ ၉ နှစ်အရွယ်ကတည်းက ဇာတိရပ်ရွာ ပျော်ဘွယ်မြို့၊ ရွှေဒါးတိုက်နယ်၊ ဘုရားကုန်းကျေးရွာရှိ သီရိမင်္ဂလာရုံကျောင်း ဆရာတော် ဦးသုခန္ဒိယထံမှာ သာမဏေဘဝကို ကူးပြောင်းခဲ့ပြီး ဘွဲ့တော်မှာ ရှင်ပညာသီဟ ဖြစ်ပါတယ်။

အဲဒီနောက် ပဋိကတ်စာပေတွေကို ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်ရှိ သာဓုကျောင်းတိုက်မှာ ဆက်လက်သင်ယူခဲ့ပြီး ၁၉၈၇ ခုနှစ်မှာ အစိုးရ ဓမ္မာစရိယဘွဲ့ အောင်မြင်ခဲ့ပါတယ်။

၂၀၀၂ ခုနှစ်မှာ ရဟန်းသံဃာတော် ဆရာတော်ကြီးများ ဆောင်ရွက်နိုင်ခဲတဲ့ နွေရာသီ ဓမ္မာစရိယနဲ့ အဘိဓမ္မာ ရွှေညဝါ ဆရာဖြစ်သင်တန်းကြီးကို အနယ်နယ်အရပ်ရပ်က သံဃာတော်တွေကို ပင့်ဖိတ်ပြီး ဖွင့်လှစ်ခဲ့ပါတယ်။

အဲဒီနောက် ရွှေညဝါဆရာတော်ရယ်လို့ တပည့်သံဃာတော်နဲ့ လူပုဂ္ဂိုလ်တို့က ဂုဏ်ပြု ခေါ်ဆိုခဲ့ကြပါတယ်။

ငယ်စဥ်ခါက ကျန်းမာရေးကောင်းမွန်ပြီး ကျန်းမာကြံ့ခိုင်တဲ့ ဆရာတော်ကို ဖိုးပါကြီးလို့ ညီအစ်ကို မောင်နှမတွေက ခေါ်ဆိုကြပြီး သက်တော် ၆၁ နှစ် အရွယ်မှာပဲ ဘဝနတ်ထံ ပျံလွန်တော်မူသွားတဲ့ ရွှေညဝါဆရာတော်နဲ့ ပတ်သက်ပြီး အစ်ကိုဖြစ်သူ ဦးမြင့်အောင်က အခုလိုပြောပါတယ်။

“အမလေးဗျာ၊ ရင်ထဲကို မချိပါဘူး။ ဘယ်လိုမှကို မချိဘူး။ ကျုပ်တို့၊ ခင်ဗျား၊ ပြောမထွက်အောင်  ကျုပ်တို့ရင်ထဲမှာ အဲ့လောက်ခံစားရပါတယ်။ မိသားစုဖြစ်လို့ရယ် မဟုတ်ပါဘူး။ ကျန်တဲ့ပုဂ္ဂိုလ် ဆိုရင်လည်း ဒီလိုပဲ ခံစားရမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ လောကအကျိုး၊ ဓမ္မအကျိုးအတွက် ဒီလောက် စွမ်းစွမ်းတမံ ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်တယောက် ဆုံးရှုံးသွားတာ ဘယ်လိုမှ ကျုပ်တို့ ရင်ထဲကို ပြောကိုမပြတတ်အောင် ခံစားရပါတယ်။”

ဓမ္မကို လက်စွဲထားပြီး အဓမ္မကို အစဥ်တစိုက် ဆန့်ကျင်ခဲ့တဲ့ ရွှေညဝါဆရာတော်ဟာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေး လူထုအရေးတော်ပုံက စလို့ ရဟန်းပျိုများသမဂ္ဂ (ရန်ကုန်) ရဲ့ ခေါင်းဆောင်ဖြစ်ခဲ့ပြီး အဲဒီအချိန်ကလည်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရဖူးပါတယ်။

အဲဒီနောက် နိုင်ငံရေးလှုပ်ရှားမှုတွေကို အားပေးထောက်ခံခဲ့လို့ မူလသီတင်းသုံးရာ ကြည့်မြင်တိုင်မြို့နယ်ရှိ သာဓုကျောင်းတိုက်ကနေ မှော်ဘီမြို့နယ်ရှိ လက်ရှိ ရွှေညဝါတောရ သာသနာပြုကျောင်းတိုက်မှာ ပြောင်းရွှေ့ သီတင်းသုံးတော်မူခဲ့တာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်မှာတော့ အာဏာသိမ်းတဲ့ရက်မှာပဲ ဆရာတော်ကို ဘာအပြစ်မှမရှိဘဲ ဖမ်းဆီးခဲ့ပြီး နောက်ပိုင်းမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) နဲ့ တရားစွဲဆို ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ပြီးနောက် ထောင်တွင်းမှာ အသည်းရောဂါကို ဆေးကုသမှု ကောင်းမွန်စွာ မရရှိခဲ့တဲ့အတွက် သက်တော် ၆၁ နှစ်၊ ဝါတော် ၄၀ မှာ ခန္ဓာချုပ်ငြိမ်းတော်မူခဲ့တာ ဖြစ်ပါတယ်။

ဆရာတော်ရဲ့ နောက်ဆုံးခရီးမှာ ရပ်နီးရပ်ဝေးက ဒါယကာရင်းတွေ အများအပြား လာရောက်ခဲ့ကြပြီး ရွှေညဝါမျိုးဆက် တည်တံ့စေချင်တယ်လို့ ဒါယိကာမတယောက်က ပြောပါတယ်။

“ဆရာတော်ကြီးကို လေးစားတယ်၊ တန်ဖိုးထားတယ်။ ဘာ့ကြောင့် တန်ဖိုးထားလဲဆိုရင် ဆရာတော်ဟာ ခုနှစ်ရက်သားသမီး မဟုတ်ဘူး။ တတိုင်းပြည်လုံးမှာရှိတဲ့ ပြည်သူ ပြည်သားတွေ အရေးသည် သူ့အရေး၊ ပြည်သူ ပြည်သားတွေ အဆင်မပြေခြင်းသည်လည်း သူ့အရေး၊ လက်ရှိ နိုင်ငံရေးအမှုကြောင့် ထောင်တွင်းပြဿနာတွေကအစ ဆရာတော်ကြီးဟာ သူ့ရဲ့ ဆွမ်းခံလို့ရတဲ့ ပိုက်ဆံနဲ့ပဲ ထောက်ပံ့နေတဲ့ လူတယောက်။ ဆရာတော်ကြီးသည် သင်္ကန်းခြုံထားတယ် ဆိုပေမဲ့ တိုင်းပြည်မှာရှိတဲ့လူတွေ အားလုံးကို ရင်ဝယ်သားလို စောင့်ရှောက်တဲ့ဆရာတော်။ သူ့မှာ မပြောရဲစရာ ဘာအကြောင်းမှ မရှိဘူး။ သူသည် အားလုံးကောင်းစားဖို့ကို တယောက်တည်း ရင်းခဲ့တဲ့ ဆရာတော်၊ ဒီလိုဆရာတော်မျိုး နောက်ထပ် ပေါ်ထွက်လာပါစေလို့လည်း ကျမတို့ ဆုတောင်းမိတယ်။ မျှော်လည်း မျှော်လင့်မိတယ်။ ကျမတို့တိုင်းပြည်အတွက် ဒီလို ဆရာတော်ဟာ နောက်ဆုံးမျိုးဆက် ဖြစ်ပါ့မလား၊ ဖြစ်သွားပြီလားလို့ တွေးခဲ့မိပါတယ်။ ဒီကနေ့ထိလည်း တွေးပါတယ်။ ရွှေညဝါလိုလူမျိုး ပေါ်လာပါစေလို့လည်း ဆုတောင်းပါတယ်။”

ရွှေညဝါဆရာတော်ရဲ့ ကြွင်းကျန်ရစ်တဲ့ အရိုးပြာတွေကို ဇူလိုင် ၁၇ ရက် မွန်းတည့် ၁၂ နာရီမှာ ဈေးကြီးလမ်း ဆိပ်ကမ်းကနေ သင်္ဘောနဲ့ထွက်ခွာပြီး ပင်လယ်ဝမှာ ရေမျှော ပူဇော်ခဲ့ပါတယ်။

ဟန်န

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013