DVB Logo
Home
မြန်မာသတင်း
မင်းတပ်တွင် စစ်တပ်က တရက်တည်း ဗုံးအလုံး ၄၀ နီးပါးကြဲချ၊ ကလေးငယ် ၃ ဦးသေဆုံး
DVB
·
June 30, 2026
Photo: HKL Mindut
Photo: HKL Mindut
Donate to DVB

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ထဲကို ဇွန် ၂၉ ရက် တရက်တည်းမှာ စစ်တပ်က ဗုံးအလုံး ၄၀ နီးပါး ကြဲချ တိုက်ခိုက်ခဲ့လို့ ကလေးငယ် ၃ ယောက် သေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ် လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒေသခံတယောက်က “မင်းတပ်မြို့နယ်ထဲကို မနက် ၅ နာရီကျော်လောက်မှာ တကြိမ်၊ ညနေ ၆ နာရီခွဲလောက်မှာတကြိမ် စစ်တပ်ဘက်က ဂျက်ဖိုက်တာတွေ Y12 ဗုံးကြဲလေယာဥ်တွေသုံးပြီး ၂ ကြိမ်ပေါင်း ဗုံးအလုံး ၄၀ နီးပါး ကြဲချသွားပါတယ်။ မနက် ၅ နာရီကျော်လောက်မှာ တံတားဦး လေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာရဲ့ လေကြောင်းတိုက်ခိုက်ခံရတဲ့ တိုက်နယ်အမှတ် ၄ ရှိမ်းရွာက ၇ နှစ်၊ ၈ နှစ်နဲ့ ၁၀ နှစ် ဝန်းကျင်တွေ ရှိကြတဲ့ အမျိုးသမီးငယ် ၃ ဦး နေရာမှာတင် သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူတွေလည်း ရှိနေပါတယ်” လို့ ပြောပါတယ်။

တံတားဦးလေတပ်က တက်လာတဲ့ Y12 ဗုံးကြဲလေယာဥ်ကလည်း မင်းတပ်မြို့နယ် အရှေ့ခြမ်း နေရာတွေကို ညနေ ၆ နာရီခွဲဝန်းကျင်ကနေ ၇ နာရီဝန်းကျင်အထိ ဗုံး ၃ လုံးတွဲ ၁၁ ကြိမ်မှာ ဗုံးအလုံး ၃၀ ကျော် ထပ်မံကြဲချသွားခဲ့ပြီး ထိခိုက်မှုအခြေအနေကိုတော့ မသိရသေးပါဘူး။

စစ်အာဏာရှင်တပ်က သူတို့ လက်လွှတ်ဆုံးရှုံးထားတဲ့ မင်းတပ်နဲ့ ကန်ပက်လက်မြို့တွေကို ပြန်လည် ထိန်းချုပ်နိုင်ဖို့ မြေပြင်စစ်သည်အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်နေသလို လေကြောင်း တိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေတဲ့ကြားက ချင်းပူးပေါင်းမဟာမိတ်တပ်ဖွဲ့တွေ ကလည်း ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်နေတာ ၂ လနီးပါး ကြာမြင့်နေပြီ ဖြစ်ပါတယ်။

ယောဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “မင်းတပ်အရှေ့ခြမ်းကို ကျောက်ထု ဘက်က တက်လာတဲ့ စကစ စစ်ကြောင်းတွေနဲ့က နေ့တိုင်းလောက်နီးပါး တိုက်ပွဲတွေ ဖြစ်နေကြတယ်။ မင်းတပ်နဲ့ ကျောက်ထုကြားက ဂေါက်ကွင်းနေရာ ​ဝန်းကျင်မှာ ဖြစ်နေကြတာ။ စစ်တပ်ဘက်က အတော်လေး အထိနာလို့ လေကြောင်းပစ်ကူတွေနဲ့ ဗုံးကြဲတာလည်း နေ့တိုင်းပဲ။ နှစ်ဖက် အကျအဆုံးတွေ ရှိတယ်။ စစ်တပ်ဘက်ကတော့ ပိုများတာပေါ့” လို့ DVB ကို ပြောပါတယ်။

မင်းတပ်မြို့နယ်အရှေ့ခြမ်းမှာ စစ်တပ်လက်အောက်ခံတွေနဲ့ ချင်းပူးပေါင်းတော်လှန်ရေး တပ်ဖွဲ့တွေ ဟာ ဇွန် ၂၉ ရက်အထိ တိုက်ပွဲတွေ ပြင်းထန်နေသလို စစ်တပ်ဘက်ကလည်း နေ့စဥ်ရက်ဆက် လေကြောင်းပစ်ကူတွေ အလွန်အကျွံ အသုံးပြု တိုက်ခိုက်နေတယ်လို့လည်း သူက ဆက်ပြော ပါတယ်။

တိုက်ပွဲတွေပြင်းထန်နေတဲ့ ၂ လနီးပါးအတွင်း မင်းတပ်မြို့နယ်ထဲကို စစ်တပ်ဘက်က လေကြောင်း တိုက်ခိုက်မှု အကြိမ်ရေ ၅၀၀ နီးပါး ပြုလုပ်ခဲ့သလို အဆိုပါ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း စစ်ရေးပစ်မှတ်မဟုတ်တဲ့ လူနေအိမ်တွေ၊ စာသင်ကျောင်းတွေ၊ ဘာသာရေးအဆောက်အအုံတွေနဲ့ အစိုးရ ရုံးအဆောက်အအုံတွေကိုလည်း ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး စစ်ရာဇဝတ်မှုတွေကို အကြိမ်ကြိမ် ကျူးလွန်ခဲ့တယ်လို့လည်း ချင်းလူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဆက်လက်ပြီးလည်း တိုက်ပွဲတွေ ပြင်းထန်လာနိုင်တာကြောင့် ဒေသခံပြည်သူတွေ၊ စစ်ဘေးရှောင် ပြည်သူတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အနေနဲ့လည်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးနေတဲ့ လေကြောင်းအန္တရာယ် သတင်းတွေနဲ့ မြေပြင်စည်းကမ်းချက် တွေကို အလေးထား လိုက်နာပေးကြဖို့ ချင်းမဟာမိတ် တော်လှန်ရေးတပ်ဖွဲ့တွေဘက်က သတိပေး တိုက်တွန်းထားပါတယ်။

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013