
အစ္စရေးနိုင်ငံ တဲလ်အဗစ်တက္ကသိုလ်က သုတေသီတွေက အပင်တွေနဲ့ အင်းဆက်ပိုးမွှားတွေ အသံနဲ့တဆင့် အပြန်အလှန် ဆက်သွယ်နိုင်တဲ့ အထောက်အထားတွေ တွေ့ရှိခဲ့လို့ သဘာဝမှာ အသံပိုင်းဆိုင်ရာ ဆက်သွယ်မှုကို လေ့လာတဲ့ နယ်နိမိတ်အသစ်ကို ဖွင့်ပေးခဲ့တယ်လို့ ဇူလိုင် ၁၅ ရက်မှာ ပြောလိုက်ပါတယ်။
ပိုးဖလံအမတွေဟာ ရေဓာတ် ခန်းခြောက်နေတဲ့ ခရမ်းချဉ်သီးပင်တွေကနေ ထုတ်လွှတ်တဲ့ ကြိမ်နှုန်းလွန် အသံလှိုင်း အချက်ပြမှုတွေကို သိရှိနိုင်ပြီး ဒီအချက်အလက်တွေကို သုံးရင်း ဥဥမယ့် နေရာကို ဆုံးဖြတ်ကြတယ်လို့ eLife ဂျာနယ်က ထုတ်ဝေခဲ့တဲ့ လေ့လာချက်ထဲမှာ ဖော်ပြထားပါတယ်။
တက္ကသိုလ်ရဲ့ သက်ရှိသိပ္ပံ ဉာဏဌာနက ပါမောက်ခ ယော့စီ ယိုဗယ်နဲ့ လိုင်လာ ဟာဒါနီတို့ရဲ့ ဓာတ်ခွဲခန်းမှာ ဒေါက်တာ ရိုင်ယာ ဆက်ဇာနဲ့ ဂိုင်ဇာ အက်ရှယ်တို့က ဦးဆောင်ပြီး သုတေသန ပြုခဲ့ကြတာပါ။
ဖိစီးမှုခံနေရချိန်မှာ အပင်တွေက နှုန်းလွန်အသံတွေကို ထုတ်လွှတ်တာကို ဒီအဖွဲ့က အရင်သုတေသနအပေါ် မူတည်ပြီး အခုတွေ့ရှိချက်ကို တည်ဆောက်ထားပါတယ်။
အပင်တွေကနေ ထုတ်လွှတ်တဲ့ ကြိမ်နှုန်းလွန် အသံတွေကို လူတွေက မကြားနိုင်ပေမယ့် လင်းနို့လို နို့တိုက်သတ္တဝါ အများအပြားနဲ့ အင်းဆက် အများအပြားက ကြားနိုင်ပါတယ်။
အင်းဆက်ပိုးမွှားတွေဟာ များသောအားဖြင့် ခရမ်းချဉ်သီးပင်တွေပေါ်မှာ ဥတွေ ဥလေ့ရှိပြီး သားလောင်းတွေ အကောင်ပေါက်ပြီးတဲ့နောက် သားပေါက်တွေကို အစာကျွေးလေ့ရှိပါတယ်။
အကြိုက်ကို စူးစမ်းလေ့လာရာမှာ သုတေသီတွေက ကျန်းမာသန်စွမ်းတဲ့ ခရမ်းချဉ်သီးပင်နှစ်ပင်နဲ့ ပိုးဖလံအမတွေကို သုံးခဲ့တာပါ။
အခြောက်ခံထားတဲ့ အပင်က ထုတ်လွှတ်တဲ့ အသံကို ဖွင့်ထားတဲ့ အသံချဲ့စက် တလုံးနဲ့ အသံတိတ်နေတဲ့ အသံချဲ့စက် တလုံးတို့ကို အသုံးပြုခဲ့ပါတယ်။
ပိုးမွှားတွေက ဥချဖို့ အကောင်းဆုံး နေရာကို ရွေးရာမှာ ဒီအချက်တွေကို သုံးပြီး အသံတိတ်နေတဲ့ အပင်ကို ပိုရွေးခဲ့ပါတယ်။
ပိုးမွှားတွေရဲ့ ရွေးချယ်မှုတွေကို အသံနဲ့ အတိအကျ လမ်းညွှန်ထားတယ်ဆိုတာ နောက်ထပ် စမ်းသပ်ချက်တွေက အတည်ပြုခဲ့ပါတယ်။
“ဒီအသံတွေကို နားလည်နိုင်စွမ်းရှိတဲ့ တိရစ္ဆာန်တွေရှိတယ်ဆိုတာ ကျမတို့ တွေ့ခဲ့ရတယ်၊” တိရစ္ဆာန်တော်တော်များများက မတူညီတဲ့အပင်တွေကို တုံ့ပြန်နေကြပါတယ်”လို့ ဟာဒါနီက ပြောပါတယ်။
Source: Reuters











