DVB Logo
Home
မြန်မာသတင်း
ဖားကန့်တွင် တိုက်ပွဲ ဆက်လက်ပြင်းထန်၊ စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်
DVB
·
July 16, 2025
ဖားကန့်တွင် တိုက်ပွဲ ဆက်လက်ပြင်းထန်၊ စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲ တိုက်ပွဲဆက်လက်ပြင်းထန်နေသလို စစ်ကောင်စီတပ်ကလည်း ဇူလိုင် ၁၆ ရက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်ရေးသတင်းရင်းမြစ်က သိရပါတယ်။

ဒီနေ့ မွန်းလွဲပိုင်းက စစ်ကောင်စီလေတပ်က တိုက်လေယာဉ်တစင်း တိုက်ပွဲပြင်းထန်နေတဲ့ မော်မောင်းလျံဘက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်ပျက်စီးမှု အခြေအနေကို‌တော့ မသိရသေးဘူလို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

“ဒီနေ့ နေ့လယ် ၁၂ နာရီကျော်လောက်က ဂျက်ဖိုက်တာတစီးလာပြီး မော်မောင်းလျံအနီး အဲ့ဘက်ကို ဗုံးကြဲသွားတယ်။ လေယာဉ်လာတော့ အောက်ကလည်း ပစ်ကြတာ။ လေယာဉ်က ဗုံးကြဲပြီးတော့ အမှိုက်ပုံဘက်ခြမ်းကို စက်သေနတ်နဲ့ ပစ်သွားတယ်။ ထိခိုက်ပျက်စီးတာတော့ မသိရသေးဘူး။ ဇူလိုင် ၁၅ ရက် ၁၁ နာရီ မိနစ် ၄၀ လောက်ကလည်း စစ်ကောင်စီဂျက်ဖိုက်တာတစီး ဖားကန့်ဘက်ကို တက်လာပြီး လေကြောင်းကနေ ဗုံးကြဲသွားတယ်။ စက်သေနတ်နဲ့လည်း ပစ်သွားတယ်။ ဗုံးကျတာက မော်မောင်းလျံဘုန်းကြီးကျောင်းနား ကျတယ်။ အဲဒီဘုန်းကြီးကျောင်းမှာက စစ်(--) တွေနေတာ၊ သူတို့နေတဲ့ အနီးအနား ကျတာပေါ့။”

မေ ၄ ရက်မှာ စစ်ကောင်စီပူးပေါင်းတပ်တွေက မြစ်ကြီးနား-ဖားကန့်လမ်းအတိုင်း စစ်ကြောင်းထိုးလာတာဖြစ်ပြီး မေ ၂၇ ရက်မှာ ဖားကန့်ဘက်ကို ထိုးဖောက်ဝင်ရာက်နိုင်ခဲ့တာပါ။

ဖားကန့်ဒေသမှာ ပြီးခဲ့တဲ့ မေလအတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ KIA ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ လမောင်ကုန်းနဲ့ မော်မောဘွမ့် စတဲ့ စစ်ရေးအတွက် ဗျူဟာမြောက် တောင်ကုန်းနေရာတွေကို ပြန်ရဖို့ ဇွန်လကုန်ပိုင်းကနေ ထပ်မံကြိုးစားလာတာ ဖြစ်ပါတယ်။

ဒါကြောင့် လုံးခင်းနဲ့ မှော်ဆီစာ ကျေးရွာတွေမှာ စစ်ကြောင်းထိုးထားတဲ့ စစ်ကြောင်းတွေက ဇွန် ၁၅ ရက် နောက်ပိုင်း မှော်ဝမ်းကြီး၊ မှော်ကလေး စတဲ့ကျေးရွာတွေကို စစ်ကြောင်းတခု၊ မှော်ဆီစာကျေးရွာကနေ အင်းမိုင်းယန်ဘက်ကို ဦးတည်ပြီး နောက်ထပ် စစ်ကြောင်းတခု တက်နိုင်ဖို့ ကြိုးပမ်းနေကြတာကြောင့် တိုက်ပွဲပြင်းထန်ခဲ့တာပါ။

ဖားကန့်မြိုနယ်ထဲမှာ ၅ ရက်ခန့် တိုက်ပွဲငြိမ်သက်နေခဲ့ပြီးနောက် ဇူလိုင် ၄ ရက်ကစလို့ စစ်ကောင်စီတပ်တွေဟာ ဖားကန့်တပ်မကုန်းကနေ စစ်ကြောင်းခွဲပြီး ဖားကန့်ကျောက်ဝိုင်း၊ အေးမြသာယာ၊ ကုလားဂျောင်တို့က တဆင့် စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲပြင်းထန်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ဆက်တက်လို့ မရအောင် ပိတ်ဆို့တိုက်ခိုက်ထားတာကြောင့် စစ်ကြောင်းက ဆက်တက်လို့မရဘဲ မှော်ဆီစာကျေးရွာနဲ့ အမှိုက်ပုံကျေးရွာ(ဆွတ်ဘွမ်)ရှိ လူနေအိမ်တွေမှာ တပ်စွဲထားတယ်လို့ KIA သတင်းရင်းမြစ်က သိရပါတယ်။

“စစ်ကောင်စီတပ်တွေက ဆွတ်ဘွမ်(အမှိုက်ပုံ)ရွာ၊ အင်မားယန်၊ မော်ဝမ်းကလေးနဲ့ မော်မောင်းလျန်ဘက်မှာ နေရာယူထားပြီး စစ်ရေးအရ အရေးပါတဲ့ မော်မောကုန်းနဲ့ လမောင်ကုန်းဘက်ကို စစ်ကြောင်းထိုးဖို့ ကြိုးစားနေကြတာကို KIA KPDF ပူးပေါင်းတပ်ဖွဲ့တွေ ဝိုင်းပိတ်ဆို့တိုက်ခိုက်နေလို့ ရှေ့တိုးလို့မရဘဲ ဖြစ်နေတာ။ စစ်ကောင်စီတပ် ထိခိုက်ကျဆုံးမှု များတယ်လို့လည်း သိရတယ်။ လောလောဆယ် တိုက်ပွဲက နေ့တိုင်းပြင်းထန်နေတယ်။ မော်မောင်းလျံဘက် စစ်ကောင်စီစစ်ကြောင်းထိုး ဝင်ရောက်လာတုန်းကလည်း အရပ်သားပြည်သူ ၅ ယောက်ကို ပစ်သတ်ထားခဲ့တယ်။”

စစ်ကောင်စီတပ်တွေ ဖားကန့်မြို့ကို ရောက်ရှိနေတာ တလကျော်ကြာမြင့်လာပြီဖြစ်ပြီး စစ်ကောင်စီစစ်ကြောင်း လုံးခင်းကျေးရွာထဲ စတင်ဝင်ရောက်လာကတည်းကနေ အခုအချိန်ထိ အရပ်သားပြည်သူ ၅၀ ကျော်အထိ သေဆုံးခဲ့ပြီး အများစုကတော့ စစ်ကောင်စီ စစ်ကြောင်းထိုးနေချိန် ပစ်ခတ်သတ်ဖြတ်ခဲ့တာလို့ ဒေသခံတွေဆီက သိရပါတယ်။

ဖားကန့်မြို့နယ်ထဲ တိုက်ပွဲပြင်းထန်လာတာကြောင့် မော်မောင်းလျန်၊ ဗလခ၊ တောင်ပြို၊ မော်ဝမ်းကလေး၊ မော်ဝမ်းကြီး၊ စပျစ်ခူးကွက်သစ်၊ မျောက်ဖြူ၊ ရှရော်ခ၊ အင်မားယန်၊ ကုလားမှော်၊ မော်မောင်းဘွမ်နဲ့ ဆွတ်ဘွမ်(အမှိုက်ပုံ) ကျေးရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး အကူအညီတွေ လိုအပ်နေကြပါတယ်။

ဟန်န

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013