DVB Logo
Home
နိုင်ငံတကာ
ကိုယ်တွင်းအင်္ဂါများ ရောင်းချမှုကြောင့် ဟားဗတ်ဆေး​ကျောင်း လျော်ကြေးပေးရမည်
DVB
·
August 19, 2026
Photo:Reuters
Photo:Reuters
Donate to DVB

ဟားဗတ်တက္ကသိုလ်ဟာ ဆေးကျောင်းအတွက် လှူဒါန်းထားတဲ့ ရုပ်အလောင်းတွေကို စနစ်တကျ ကိုင်တွယ်ခဲ့ခြင်း မရှိဘူးဆိုပြီး မိသားစုဝင်တွေက တရားစွဲဆိုထားတဲ့ အမှုတွေ ကျေအေးဖို့ ဒေါ်လာ ၅၃ သန်းနဲ့ သဘောတူညီချက် ရရှိခဲ့ပါတယ်။

ဩဂုတ် ၁၇ ရက်က ဘော်စတွန်မြို့ တရားရုံးမှာ တင်ပြခဲ့တဲ့ သဘောတူညီချက်အရ ဟားဗတ်ဆေးကျောင်း HMS အပေါ် စွဲချက်တင်ထားတဲ့ အမှုတွေကို နစ်နာကြေးပေးမဲ့ အစီအစဉ်က အဆုံးသတ်စေခဲ့ပါတယ်။

ဒါဟာ အသက် ၅၈ နှစ်အရွယ် ရင်ခွဲရုံမန်နေဂျာဟောင်း ဆက်ဒရစ် လော့ချ်က လူ့ရုပ်အလောင်း အစိတ်အပိုင်းတွေကို ခိုးယူပြီး မှောင်ခိုဈေးကွက်မှာ ရောင်းချခဲ့တယ်ဆိုတဲ့ ဝန်ခံချက်ကြောင့်ပဲ ဖြစ်ပါတယ်။

၂၀၁၈ ကနေ ၂၀၂၁ ခုနှစ်အထိ လော့ချ်ဟာ လှူဒါန်းထားတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ထုတ်ယူပြီး အွန်လိုင်းပေါ်မှာ ရောင်းချခဲ့တာလို့လည်း သိရပါတယ်။

ဟားဗတ် ဆေးကျောင်းသားတွေကတော့ ခန္ဓာဗေဒ လေ့လာတာမျိုး အပါအဝင် ဆေးဘက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့ သုတေသနအတွက် လေ့ကျင့်တဲ့နေရာမှာ ရုပ်အလောင်းတွေကို အသုံးပြုလေ့ရှိပါတယ်။

အခုလိုမျိုး  လော့ချ်ရဲ့  မသင့်လျော်တဲ့ လုပ်ရပ်တွေကို တက္ကသိုလ်ဘက်က သိထားပေမဲ့လည်း နှစ်အတော်ကြာအောင် လျစ်လျူရှုပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေအရ ၂၀၂၃ ခုနှစ်အရောက်မှာ အရပ်ဘက် တရားစွဲဆိုမှု အများအပြား ပေါ်ပေါက်လာခဲ့ပါတယ်။

ဒါကြောင့် ဟားဗတ်နဲ့ မသက်ဆိုင်တဲ့ နောက်ထပ် ကြံရာပါ ၆ ယောက်နဲ့အတူ လော့ချ်ဟာ စွဲချက်တင်ခံခဲ့ရပြီး ၂၀၂၅ ခုနှစ်အတွင်း အပြစ်ရှိကြောင်း ဝန်ခံခဲ့ကြပါတယ်။

လွန်ခဲ့တဲ့ ဒီဇင်ဘာလက လော့ချ်ကို ထောင်ဒဏ် ၈ နှစ်၊ ကြံရာပါတယောက်ဖြစ်တဲ့ သူ့ဇနီးသည်ဟာ ထောင်ဒဏ်တနှစ်နဲ့ တရက်စီ အသီးသီး ချမှတ်ခံခဲ့ရပါတယ်။

တချိန်တည်းမှာ လော့ချ်ရဲ့  ပြစ်ဒဏ်ကျခံရမှုနဲ့ ဟားဗတ်ရဲ့ လျော်ကြေးပေးမှုအရ အမှုပြီးဆုံးသွားပြီ ဖြစ်ပေမဲ့လည်း​ “ဒီလိုမျိုး နာကျင်ကြေကွဲစရာ ဖြစ်ရပ်ကို ပြန်လည်ကုစားရမဲ့ လုပ်ငန်းစဉ်ကတော့ ဆက်ရှိနေဦးမှာ” ဖြစ်ကြောင်း တက္ကသိုလ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

နောက်ဆက်တွဲအဖြစ် ၂၀၂၇-၂၈ ပညာသင်နှစ်ကစပြီး ကိုယ်ခန္ဓာလှူဒါန်းပေးခဲ့သူ အားလုံးကို ကျေးဇူးတင် ဂုဏ်ပြုတဲ့အနေနဲ့ ဆေးကျောင်းသားတွေအတွက် နှစ်စဉ်ပညာသင်ဆုတခု ပေးအပ်သွားမယ်ဆိုပြီး အတည်ပြုပါတယ်။

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013