DVB Logo
Home
နိုင်ငံတကာ
ထိုင်းဘုန်းကြီးများနှင့်ဖောက်ပြန်သည့် ဒါယိကာမ ဂေါက်ဖ် ဖမ်းဆီးခံရ 
DVB
·
July 16, 2025
ထိုင်းဘုန်းကြီးများနှင့်ဖောက်ပြန်သည့် ဒါယိကာမ ဂေါက်ဖ် ဖမ်းဆီးခံရ 
Donate to DVB

ထိုင်းနာမည်ကြီးဆရာတော်တွေ၊ ဘုန်းကြီးတွေနဲ့ ဖောက်ပြန်ပြီး ငွေညှစ်ယူတဲ့ ထိုင်းအမျိုးသမီး ဂေါက်ဖ်ကို CIB  ထိုင်းအမျိုးသား ဗဟိုရဲတပ်ဖွဲ့ နဲ့ လာဘ်စားမှုတိုက်ဖျက်ရေးဌာန တာဝန်ရှိသူတွေ ပူးပေါင်းပြီး ဇူလိုင် ၁၅ ရက်က ဖမ်းဆီးလိုက်ပါတယ်။ 

ရဲတပ်ဖွဲ့က ဂေါက်ဖ် (ခ) ဝိလားဝမ်း အိမ်းဆဝပ် (အသက် ၃၅ နှစ်)ကို    ဝန်ထမ်းတွေ တာဝန်ဝတ္တရားပျက်ပြားပြီး ဒုစရိုက်မှုကျူးလွန်အောင် အားပေးလှုံ့ဆော်မှု၊ ငွေကြေး ခဝါချမှု၊ ခိုးရာပါပစ္စည်းလက်ခံမှု စတဲ့ ထင်ရှားသော ပြစ်မှုတွေနဲ့ ဇူလိုင် ၁၅ ရက် မွန်းလွဲ ၂ နာရီကျော်က နွန်ထပူရီခရိုင် ပါက်ကလစ်မြို့ရှိ သူ နေထိုင်ရာ နေအိမ်မှာ သွားရောက် ဖမ်းဆီးခဲ့တာပါ။ 

ရဲတပ်ဖွဲ့ဟာ ဒီမတိုင်ခင် ပြီးခဲ့တဲ့ ဇူလိုင် ၄ ရက်နေ့ကလည်း သူ့ကို သွား‌ရောက်စစ်ဆေး မေးမြန်းခဲ့ပါသေးတယ်၊ အဲဒီအချိန်က သက်သေအထောက်အထားတွေ မပြည့်စုံသေးတာကြောင့် ဖမ်းဆီးခဲ့ခြင်း မရှိပါဘူး။ 

ဒီတခေါက်မှာတော့ သူဟာ အယုဒ္ဓယခရိုင် ချူးကျစ်ထမရမ်းကျောင်းတိုက် ကျောင်းထိုင်ဆရာတော် (လက်ရှိ လူဝတ်လဲ) ထံမှ ဘတ်ငွေ ၁၂  ဒသမ ၈ သန်း ရယူခဲ့တဲ့ အထောက်အထားတွေ့ရှိပြီး အဆိုပါငွေထဲက ၃၈၀,၀၀၀ ဘတ်မှာ ကျောင်းတိုက်ရန်ပုံငွေတွေ ဖြစ်တာကြောင့် ဖမ်းဆီးလိုက်တာပါ။ ဆရာတော်မှာလည်း ဘတ်ငွေ ၁၂ သန်းကျော် ပိုင်ဆိုင်မှု ပြန်လည်စစ်ဆေးခံရမယ်လို့  CIB ရဲတပ်ဖွဲ့ ဒုရဲချုပ် ကျရွန်းကစ် ဘန်ကယောက်က ဇူလိုင် ၁၅ ရက် ညနေပိုင်း သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ 

ဒါ့အပြင် သူဟာ ဘန်ကောက် ဖရာ့နခွန်းနယ်မြေ သရီထွတ်ဆထိပ်ကျောင်းထိုင်ဆရာတော်ထံမှ ကလေးထောက်ပံ့စရိတ် ဘတ် ၇၂ သိန်း ရယူထားတာရှိပြီး အဲဒီထဲကလည်း ကျောင်းရန်ပုံငွေ ပါ၊ မပါ စစ်ဆေးနေဆဲ ဖြစ်ပါတယ်။ အဆိုပါဆရာတော်ကတော့ လူဝတ်လဲပြီး လာအိုနိုင်ငံမှာ ထွက်ပြေး တိမ်းရှောင်နေပါတယ်။ 

ဒီကြားထဲမှာလည်း အခြားဘုန်းကြီးတွေထံမှာ ငွေညှစ်နေတဲ့ အသံဖိုင်တွေ လူမှုကွန်ရက်မှာ ပြန့်နေပြီး သက်သေခိုင်လုံက ငွေညှစ်မှု၊ အွန်လိုင်းလောင်းကစားမှု၊ ကွန်ပျူတာဥပ‌ဒေတွေနဲ့ပါ ထပ်မံအရေးယူခံရဖို့ ရှိနေပါတယ်။ 

သူဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကတည်းက ဘုန်းကြီးတွေနဲ့ ဖောက်ပြန်ပြီး ခုနောက်ပိုင်း ၃ နှစ်တာ ကာလအတွင်းမှာတင် ပိုင်ဆိုင်မှုငွေ ဘတ် ၃၈၅ သန်းရှိတယ်၊ ဒါပေမဲ့ အဲဒီငွေတွေဟာ လောင်းကစားတဲ့ထဲ ပါသွားတယ်၊ တကြိမ်ကို ဘတ် ၅ သိန်းထိ လောင်းခဲ့ဖူးတယ်၊ ခုနေခါမှာတော့ သူ့ပိုင်ဆိုင်မှု ဘတ် ၈,၀၀၀ ကျော်သာ ကျန်ရှိတယ်လို့ CIB  ဒုရဲချုပ်က ပြောပါတယ်။ 

သူနဲ့ဖောက်ပြန် ပတ်သက်ခဲ့တဲ့ ဘုန်းကြီးတွေကို ၃ မျိုး ခွဲခြားစစ်ဆေးတယ်၊ ပထမမှာ မေထုန် မှီဝဲတဲ့အထိ ဖောက်ပြန်လွန်ကျူးခဲ့သူ၊ ဒီထဲမှာ ပါဝင်ပတ်သက်တဲ့ ဘုန်းကြီး ၉ ပါးရှိပြီး ၈ ပါးက လူဝတ်လဲပြီးဖြစ်ကာ ကျန် ၁ ပါးမှာ ထွက်ပြေးလွတ်မြောက်နေတယ်။ ဒုတိယအမျိုးအစားမှာ ရည်းစားအဆင့်ဖြစ်ပြီး  ဝိနည်းနဲ့မလျော်ညီစွာ နေထိုင်ပြောဆိုပြုမူကြတယ်၊ ဒီထဲမှာ ဘုန်းကြီး ၃ ပါး ရှိတယ်၊ တတိယအမျိုးအစားမှာ ပါဝင်ပါသက်မှု ရှိ၊ မရှိ သံသယနဲ့ စစ်ဆေးခံနေရသူတွေ ဖြစ်တယ်၊ ဒီထဲမှာတော့ အရေအတွက်အများဆုံးလို့ ဆိုပါတယ်။ 

လတ်တလော သာသနာတော်ညှိုးနွမ်းစေတဲ့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် ထိုင်းဘုရင်ကြီး မွေးနေ့ အထိမ်းအမှတ်အနေနဲ့ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ သာသနာ့ဂုဏ်ဆောင် သံဃာတော်များအား ဘွဲ့တံဆိပ် ဆက်ကပ်အပ်နှင်းပွဲမှာ သံဃာအချို့ရဲ့ အမည်နာမတွေကို ဆိုင်းငံ့လိုက်ကြောင်း  ဘုရင့်နန်းတော် ပြန်တမ်းက ဇူလိုင် ၁၅ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။ 

အဆိုပါဆိုင်းငံ့ခံရတဲ့ သံဃာတော်တွေထဲမှာ ဒါယိကာမ ဂေါက်ဖ် နဲ့ပတ်သက်ပြီး နာမည်ထွက်ပေါ် နေတဲ့ ဆရာတော်တွေ၊ ဘုန်းကြီးတွေအပါအဝင် စုစုပေါင်း ၈၁ ပါး  ရှိပါတယ်။

သံဃာလောက ပွက်လောရိုက်နေတာနဲ့ပတ်သက်ပြီး ထိုင်းသံဃမဟာနာယကဆရာတော်လည်း ဖြစ်၊ နွန်ထပူရီ ဝပ်ဆွန်ကယောက် ကျောင်းထိုင်လည်းဖြစ်တဲ့ ဆရာတော် ဖရဖယွမ်းကတော့   တာဝန်ရှိသူတွေ ခုလို နှိမ်နင်းမှုတွေ လုပ်နေတာဟာ သာသနာတော်သန့်ရှင်းရေးအတွက် ဖြစ်တယ်၊  အမျိုး ဘာသာ သာသနာအတွက် ဆောင်ရွက်နေတဲ့ ကောင်းမွန်တဲ့ သံဃာတော်တွေ မြောက်မြားစွာ ရှိသေးတယ်၊ ဒါကြောင့် အနည်းစု အမှားအတွက် အားလုံးကို သိမ်းကျုံးပြီး အပြစ်မမြင်ဖို့၊ ကြည်ညိုသဒ္ဓါတရားတွေ မပျက်ပြားဖို့ ဗုဒ္ဓဘာသာ သာသနာတည်တံ့ရေးကို ဝိုင်းဝန်းကြိုးပမ်းဖို့ တိုက်တွန်းထားပါတယ်။ 

Source : Police TV / CH8 TV News / ThaiPBS

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013