DVB Logo
Home
နိုင်ငံတကာ
ဥရောပ ၃ နိုင်ငံ နျူကလီးယား ဒဏ်ခတ်ပိတ်ဆို့မှု ပြန်လုပ်ပါက တုံ့ပြန်မည်ဟု အီရန် သတိပေး
DVB
·
July 15, 2025
ဥရောပ ၃ နိုင်ငံ နျူကလီးယား ဒဏ်ခတ်ပိတ်ဆို့မှု ပြန်လုပ်ပါက တုံ့ပြန်မည်ဟု အီရန် သတိပေး
Donate to DVB

E3 လို့ခေါ်တဲ့ ပြင်သစ်၊ ဗြိတိန်နဲ့ ဂျာမနီ ဥရောပထိပ်တန်း ၃ နိုင်ငံရဲ့ ပေါင်းစည်းမှုဟာ ပိတ်ဆို့အရေးယူမှု Snapback ယန္တရားကို ပြန်စမယ်ဆိုရင် အီရန်ကလည်း သင့်လျော်တဲ့တုံ့ပြန်မှု လုပ်ဆောင်သွားမယ်လို့ အီရန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စ်မာအိုင်းလ် ဘာဂိုင်းက သတိပေး ပြောပါတယ်။

အီရန်ရဲ့ နျူကလီးယား လုပ်ဆောင်မှုတွေအပေါ် နိုင်ငံတကာက ပိတ်ဆို့အရေးယူမှုတွေ ပြန်စတင်မှာဖြစ်ကြောင်း E3 က ခြိမ်းခြောက်ခဲ့ပြီးနောက်မှာ အီရန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဘာဂိုင်းက တီဟီရန်မှာ တနင်္လာနေ့ အပတ်စဉ် သတင်းစာရှင်းလင်းပွဲတခုမှာ အခုလို ပြောဆိုလိုက်တာပါ။

Snapback ယန္တရားဟာ တီဟီရန်နဲ့ စာချုပ်ချုပ်ထားတဲ့ ကုလလုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေနဲ့ E3 ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့ ၂၀၁၅ နျူကလီးယား သဘောတူညီချက်မှာ ပူးတွဲ ဘက်စုံလုပ်ဆောင်မှု အစီအစဉ် (JCPOA) လို့ လူသိများတဲ့ သဘောတူညီချက်ကို လိုက်နာဖို့ ပျက်ကွက်ရင် တခြားနိုင်ငံတွေက နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုတွေကို ပြန်လည်ချမှတ်နိုင်စေမယ့် စနစ် ဖြစ်ပါတယ်။

E3 ခြိမ်းခြောက်မှုကို နိုင်ငံရေးအရ လှုံ့ဆော်မှုနဲ့ တရားဥပဒေနဲ့ ကျင့်ဝတ်ဆိုင်ရာ ရပ်တည်မှု ကင်းမဲ့မှုအဖြစ် ရှုတ်ချလိုက်ပြီး အီရန်နိုင်ငံဟာ နျူကလီးယား သဘောတူညီချက်ရဲ့ အဖွဲ့ဝင်နိုင်ငံအဖြစ် ကိုယ်တိုင် သတ်မှတ်ထားဆဲဖြစ်ကြောင်း ဘာဂိုင်းက ပြောကြားပါတယ်။

အီရန်နိုင်ငံရဲ့ သဘောတူညီချက်ကို လိုက်နာဖို့ လျော့ရဲမှု ဆိုတာကလည်း အမေရိကန်နဲ့ တခြား လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတချို့ရဲ့ ထင်ထင်ရှားရှား ချိုးဖောက်မှုတွေကြောင့် ဖြစ်ပေါ်လာရတာ လို့လည်း သူက ဆိုပါတယ်။

E3 ဟာ သူတို့ရဲ့ ကိုယ်ပိုင် JCPOA တာဝန်တွေကို ချိုးဖောက်ခဲ့ပြီးတော့ အစ္စရေး-အမေရိကန်က အီရန် နျူကလီးယားစက်ရုံတွေကို လတ်တလော တိုက်ခိုက်မှုတွေကြောင့် ဒီ Snapback ယန္တရားကို အသုံးပြုဖို့က သက်ဆိုင်မှု မရှိတော့ဘူးလို့လည်း ပြောဆိုလိုက်ပါတယ်။

Snapback ယန္တရားကို အသုံးပြုမယ်လို့ ခြိမ်းခြောက်မှုဟာ နိုင်ငံရေးလုပ်ရပ်သက်သက်ဖြစ်ပြီး အီရန်အပေါ် အမေရိကန်ရဲ့ ထိပ်တိုက်ရင်ဆိုင်မှု ရပ်တည်ချက်နဲ့ ကိုက်ညီနေကြောင်းနဲ့ အီရန်ကလည်း သင့်လျော်သလို တုံ့ပြန်သွားမှာပဲလို့ အီရန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဘာဂိုင်းက ပြောပါတယ်။

အီရန်နဲ့ အမေရိကန်ကြား နျူကလီးယား ဆွေးနွေးပွဲတွေကိုလည်း သံတမန်ရေးရာနဲ့ စေ့စပ်ညှိနှိုင်းရေး လုပ်ငန်းစဉ်တွေ ထိရောက်မှု မသေချာမချင်း ပြန်စတင်မှာမဟုတ်ကြောင်း ဘာဂိုင်းက ငြင်းဆိုခဲ့ပါတယ်။

ဧပြီ ၁၂ ရက်မှ မေ ၂၃ ရက်အတွင်း အီရန်နဲ့ အမေရိကန်တို့ဟာ တီဟီရန်ရဲ့ နျူကလီးယားအစီအစဉ်နဲ့ အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ဖယ်ရှားရေးတွေကို သွယ်ဝိုက်တဲ့နည်းနဲ့ ဆွေးနွေးမှု ၅ ကြိမ် ပြုလုပ်ထားခဲ့ပြီး ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013