DVB Logo
Home
မြန်မာသတင်း
လင်းတလူးရွာ ဗုံးကြဲခံရမှုကြောင့် ဒဏ်ရာရသူများ ဆေးကုရန် အခက်ကြုံ
DVB
·
July 13, 2025
လင်းတလူးရွာ ဗုံးကြဲခံရမှုကြောင့် ဒဏ်ရာရသူများ ဆေးကုရန် အခက်ကြုံ
Donate to DVB

စစ်ကိုင်းမြို့နယ်၊ လင်းတလူးကျေးရွာ ဘုန်းကြီးကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုမှာ ထိခိုက်ဒဏ်ရာရသူတွေ ဆေးကုသဖို့ အခက်ကြုံနေပြီး စစ်ကောင်စီဟာ စစ်ကိုင်းမြို့နယ်ကို ဆက်လက်ဖိအားပေး တိုက်ခိုက်နေပါတယ်။

လင်းတလူးကျေးရွာက စစ်ဘေးရှောင်ပြည်သူ ၁၅၀ ကျော် ခိုလှုံနေတဲ့ ဘုန်းတော်ကြီးကျောင်းကို ဇူလိုင် ၁၁ ရက်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၂၃ ယောက် သေဆုံးခဲ့ပြီး ၅၀ ထက်မနည်း ဒဏ်ရာရခဲ့တာပါ။

ဇွန်လလယ်ကစပြီး စစ်ကိုင်းမြို့နယ်ထဲမှာ စစ်ကောင်စီက စစ်ကြောင်း ၃ ခုနဲ့ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာ ၇ ရွာဟာ တိုက်ပွဲဇုန်ထဲကို ရောက်ရှိနေခဲ့ပြီး ကျေးရွာ ၄ ရွာက ပြည်သူတွေဟာ လင်းတလူးကျေးရွာဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေခဲ့တာပါ။

ထိခိုက်ဒဏ်ရာရသူ များနေပေမဲ့ လုံလောက်တဲ့ ဆေးဝါးနဲ့ ကျန်းမာရေးဝန်ထမ်းတွေ မရှိတာ၊ မြေပြင်စစ်ကြောင်းတွေကြောင့် ဆေးရုံ၊ ဆေးခန်းရှိတဲ့ နေရာတွေကို သွားဖို့ မလွယ်တာကြောင့် အခက်အခဲကြုံနေရတယ်လို့ ဒေသခံက ပြောပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေရဲ့ ရွာတွေကတော့ ကျော်ဇေယျာ၊ ယင်းမာကျင်း၊ ပုဂံတူ၊ အုန်းနှဲပင်တို့က ဖြစ်ကြပါတယ်။ 

လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၁၃ ယောက်၊ အမျိုးသား ၁၀ ယောက် စုစုပေါင်း ၂၃ ယောက်သေဆုံးပြီး အဲဒီအထဲမှာမှ ၁၄ နှစ်အောက်ကလေးငယ် ၄ ယောက် ပါဝင်ပါတယ်။ 

ဒေသခံတယောက်က “စစ်တပ်က လက်ရှိ ကျနော်တို့ စစ်ကိုင်း-ရွှေဘိုလမ်းမပေါ်မှာတကြောင်းပါ။ နောက် ခရိုင်ချင်းဆက်လမ်း စစ်ကိုင်း-မင်းကွန်း လမ်းကြောဘက်မှာ တကြောင်းပါ။ နောက် စစ်ကိုင်းမြို့ရဲ့အနောက်ဘက်က အနောက်သာလို့ခေါ်တဲ့ ရွာဘက်မှာ တကြောင်းပါဗျ။ နောက် စကစတွေသည် စစ်ရေးပစ်မှတ်တွေကို မတိုက်ခိုက်နိုင်တဲ့အတွက် အရပ်သားပစ်မှတ်တွေကိုပဲ ဦးတည်ပြီး တိုက်ခိုက်တယ်။ အရပ်သားတွေကို တိုက်ခိုက်မှသာလျှင် တော်လှန်ရေးရဲဘော်တွေ နောက်ဆုတ်ပေးမယ်လို့ ယူဆထားပုံရပါတယ်ဗျ”လို့ ပြောပါတယ်။

စစ်ကိုင်းမြို့နယ်ဟာ စစ်ကောင်စီရဲ့ မြန်မာနိုင်ငံအလယ်ပိုင်းမှာအရေးပါတဲ့ မန္တလေးနန်းတွင်းက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)နဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(မုံရွာနမခ) တို့အကြားမှာ တည်ရှိနေတဲ့မြို့နယ် ဖြစ်တာကြောင့် စစ်ကောင်စီက အင်အားသုံး နယ်မြေထိန်းချုပ်ဖို့ နည်းလမ်းစုံ အသုံးပြုနေတာပါ။

ဇွန် ၁၇ ရက်ကနေ လက်ရှိအချိန်အထိ ရက်ပေါင်း ၂၀ ကျော်ကြာ စစ်ကိုင်းမြို့နယ်ကို ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပြီး ကျန်တဲ့မြို့နယ်တွေက တော်လှန်ရေးအင်အားစုတွေက စစ်ကိုင်းမြို့နယ်ကို ဝိုင်းဝန်းကူညီကြဖို့ စစ်ကိုင်းမြို့နယ် PDF ခေါင်းဆောင်တယောက်က ပြောပါတယ်။

“အကြမ်းဖက်စစ်သားအင်အား ၅၀၀ ကျော်လောက်နဲ့ စစ်ကြောင်းထိုးလာတယ်၊ ဝေဟင်ကလည်း အကြိမ်ကြိမ် လာရောက်တိုက်ခိုက်တယ်။ ကျနော်တို့ စစ်ကိုင်းမြို့နယ်သည် လပခရဲ့ ဝင်ပေါက်ဖြစ်သလို နမခရဲ့ဝင်ပေါက်လည်း ဖြစ်တယ်။ နောက် မကွေးတိုင်း၊ မန္တလေးတိုင်းရဲ့ ဆက်သွယ်မှုလမ်းကြောင်းလည်း ဖြစ်တယ်။ ဝေဟင်ကရော လက်နက်ကြီး လက်နက်ငယ် အင်အားရော၊ သံချပ်ကာကားတွေ၊ ပွိုင့်ဖိုက်ကားတွေ၊ ရော့ကက်တွေပါ အသုံးပြုလာတယ် ဆိုတော့ မြန်မာစစ်တပ်မှာရှိတဲ့ ချေမှုန်းရေးလက်နက်မှန်သမျှ ထုတ်သုံးလာတဲ့ အနေအထားတခု ဆိုတော့ ယနေ့အချိန်အထိတော့ ခုခံစစ်ကို ကျနော်တို့ အောင်မြင်စွာ လုပ်ဆောင်ထားနိုင်တယ်ဗျ။”

စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်က ဦးစိုးဝင်းဆွေကလည်း စစ်ကိုင်းမှာ တိုင်းစစ်ဌာနချုပ်မရှိပေမဲ့ တပ်မ အထိုင်ချတဲ့မြို့ဖြစ်ပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိတဲ့ မန္တလေးမြို့ရဲ့ တဘက်ကမ်းမှာ ရှိတာကြောင့် စစ်ရေးအရ အရေးပါတယ်လို့ ပြောပါတယ်။

“စစ်ကိုင်းငလျင်လှုပ်ထားတော့ ငလျင်သင့်ပြည်သူတွေ အများကြီး ဒုက္ခရောက်နေတဲ့ နေရာဖြစ်တယ်ပေါ့။ ဒီလိုနေရာမျိုးမှာမှ ထပ်ပြီးတော့ ပြည်သူဆယ်နဲ့ချီပြီး သေဆုံးစေတဲ့ လေကြောင်းတိုက်ခိုက်မှုကို လုပ်တယ်ဆိုတာကတော့ တိုင်းပြည်က ဘယ်အခြေအနေပဲဆိုက်ဆိုက် သူ့အာဏာတည်မြဲရေးတခုပဲ လုပ်သွားနေမယ် ဆိုတာကတော့ ထင်ရှားပါတယ်။”

၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ မေ ၂၅ ရက်အထိ DVB က လက်လှမ်းမီသလောက် ပြုစုထားတဲ့ မှတ်တမ်းတွေအရ စစ်ကောင်စီက နိုင်ငံတဝန်းမှာ လေကြောင်းအသုံးပြုပြီး အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုပေါင်း ၃,၇၉၉ ကြိမ် ပြုလုပ်ခဲ့တာကြောင့် သေဆုံးသူ ၄,၃၉၅ ယောက်အထိရှိခဲ့ပါတယ်။

စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အများဆုံး ကျူးလွန်ထားပြီး ပြည်သူ ၁,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013